သင်ဟာ ဘာသာစကားကို စိတ်ပါဝင်စားပြီး လေ့လာနေသူတယောက် ဖြစ်ပါသလား။ ယနေ့ခေတ်မှာ အင်္ဂလိပ်ဘာသာစကားက လုပ်ငန်းခွင်မှာ မရှိမဖြစ် အရေးပါလာပါတယ်။ အင်္ဂလိပ်စကား အပြင် အခြား ဘာသာစကား တခုကိုပါ တတ်မြောက်ထားတယ်ဆိုရင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။
ဘာသာစကားများများ ပြောနိုင်တဲ့သူတွေမှာ ဒီလိုကောင်းမွန်တဲ့အချက်တွေ ပိုင်ဆိုင်ထားကြပါတယ်။
(၁) သင်ဟာတော်တဲ့ ဝန်ထမ်း (သို့မဟုတ်) ကျောင်းသားတယောက် ဖြစ်တယ်
အခြား ဘာသာစကားတခုကို တတ်မြောက်ထားတဲ့သူတွေက အာရုံစူးစိုက်မှု၊ လုပ်ဆောင်မှုတွေနဲ့ တာဝန်က အခြားသူထက် ပိုများပါတယ်။ ဘာသာစကားတခုကနေ တခု အပြောင်းအလဲကို လျှင်မြန်စွာ လုပ်နိုင်တဲ့သူတွေက နေ့စဉ်ဘဝမှာလည်း တာဝန်တွေကို လျှင်မြန်စွာ ပြီးမြောက်တတ်ပါတယ်။
(၂) ဦးနှောက် ကျန်းမာတယ်
ဘာသာစကား လေ့လာသူတွေက အသက်ကြီးတဲ့အခါ အယ်လ်ဇိုင်းမားရောဂါနဲ့ ရူးသွပ်တဲ့ရောဂါ ခံစားရနိုင်ခြေ နည်းပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ ဘာသာစကားတခုထက် ပိုပြောနိုင်သူတွေက ဦးနှောက် ကစဉ့်ကလျားဖြစ်နိုင်ချေ ခံစားရနှုန်းက မိခင်ဘာသာစကား ပြောနိုင်သူတွေထက် နောက်ကျပါတယ်။
(၃) လွယ်လွယ်ကူကူ မှတ်မိတယ်
တခြားစကားတခုကို သင်ယူမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအား တိုးလာမှာပါ။ စကားလုံး အသစ်တွေ မှတ်မိဖို့ ဦးနှောက်က လွယ်ကူတဲ့ နည်းလမ်းမျိုး ရှာရပြီး ဒီလိုဖြစ်စဉ်မျိုးကို နေ့စဉ်လုပ်ငန်း ဆောင်တာတွေဖြစ်တဲ့ to-do-lists ဖုန်းနံပါတ်၊ လမ်းအမည် စတာတွေကိုပါ လွယ်ကူစွာ မှတ်မိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်ဟာ ပြဿနာ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်း စတဲ့ အရည်အချင်းတွေပါ တိုးတက်လာမှာ ဖြစ်သလို ပိုတိကျတဲ့ လူတော်တယောက်လည်း ဖြစ်လာမှာပါ။
(၄) ကမ္ဘာကြီးအကြောင်းကို ပိုနားလည်လာမယ်
ဘာသာရပ်တခုကို လေ့လာပြီ ဆိုတာနဲ့ သူ့ရဲ့သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စတာတွေကိုပါ သင်ယူလာရပြီး သင့်ကို ဗဟုသုတတွေ တိုးပွားစေမှာပါ။ စာပေ ယဉ်ကျေးမှု၊ အနုပညာအရာတွေမှာလည်း သင်ဟာ သူများထက် နှာတဖျားသာ ပိုသိနေပါလိမ့်မယ်။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတယ်
လူကြားသူကြားထဲမှာ သင်ဟာ ကိုယ့်အရည်အချင်းကို ရဲရဲဝံ့ဝံံ့ ထုတ်သုံးရဲသလို လူရှေ့ သူရှေ့မှာလည်း ပြောဖို့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘာသာစကား များများ ပြောနိုင်သူတွေကို မပြောတတ်သူတွေက အားကျလေ့ ရှိပါတယ်။
(၆) အလုပ်အကိုင် အခွင့်အလမ်း ပေါတယ်
သာမန်လူတွေထက် စာရင် ဘာသာစကားပြောနိုင်သူတွေအတွက် အလုပ်အကိုင် လွယ်ကူပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များလာပြီး နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်ဖို့အတွက် ဘာသာစကား ကျွမ်းကျင်စွာ ပြောတတ်တဲ့သူတွေ အမှန်တကယ်ပဲ လိုအပ်နေတာကြောင့် အလုပ်တခုရဖို့ ထင်သလောက် မခက်တော့ပါဘူး။
ဒီလိုကောင်းမွန်တဲ့ အချက်တွေ ရှိတာကြောင့် အခြား ဘာသာစကားတခုကို တတ်မြောက်ထားတယ်ဆိုရင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ
Ref ; daytranslations.com