တဦးနဲ့ တဦးစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲကြရမယ်ဆိုရင်တောင် သံယောဇဉ်ရှိနေသေးတဲ့သူကတော့ မစွန့်လွှတ်နိုင်သေးပါဘူး။ သူဟာ ကိုယ့်အတွက်ကောင်းတဲ့သူ မဟုတ်ဘူးဆိုတာသိပေမယ့် လက်လွှတ်ရခက်နေသေး တယ်ဆိုတာ ဒီအချက်တွေကြောင့်ပဲဖြစ်ပါတယ်။
(၁) သူက သင့်အနားမှာအမြဲရှိခဲ့တယ်
တကယ်တမ်းခွဲရမယ်ဆိုရင်တော့ သင့်အနေနဲ့ လွမ်းကောင်းလွမ်းနေနိုင်ပါတယ်။ သူဟာအမြဲလိုလို သင့်အနားရှိခဲ့ပြီး လိုအပ်ချိန်တိုင်းရှိနေခဲ့တယ်၊ စိတ်ညစ်စရာတွေ ဒေါသတွေကို ဝေမျှလို့ရခဲ့တယ်၊ သူဟာသင့်ရဲ့ ကိုယ်ပွားဖြစ်လောက်တဲ့ အထိ ရင်းနှီးခဲ့မယ်ဆိုရင် မေ့မရဘဲ နေထိုင်ရခက်နေပါလိမ့်မယ်။
(၂) သူပြောင်းလဲလာမယ် မျှော်လင့်နေတယ်
အကျင့်က ပြင်ရခက်တယ်ဆိုတာသိပေမယ့်လည်း သင်ပြုပြင်ရင် ရမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကိုအနားမှာ ဆွဲထားမနေပါနဲ့။ အကျင့်က တော်ရုံစိတ်မျိုးနဲ့ပြုပြင်လို့ကတော့ လွယ်လွယ်ကူကူပြောင်းလဲနိုင်တာ ရှားပါတယ်။
(၃) သူနောက်တယောက်တွဲသွားမှာကို စိုးရိမ်နေတယ်
သူဟာနောက်ထပ်တယောက်တွေ့ပြီး အခုအချစ်ရေးက အဆိုးတွေကို နမူနာယူပြီး ပိုကောင်းမွန်တဲ့အချစ်ရေး တည်ဆောက်လိမ့်မယ်လို့ သင်ထင်နေပါတယ်။ သူ့ရဲ့အဆိုးတွေကို ကြုံရတာက သင်ဖြစ်ပြီး နောက်ထပ်အချစ်ကတော့ သူ့ရဲ့ကောင်းကွက်တွေပဲ ရသွားမှာကို သင်စိုးရိမ်နေပါတယ်။
သူသာ ဒီလိုပြောင်းလဲချင်တယ်ဆိုရင် သင်နဲ့အတူရှိနေတဲ့အချိန်အတောအတွင်းမှာဘဲ ပြောင်းလဲလို့မရဘူးလားဆိုတဲ့ အတ္တကြောင့် သူ့ကိုဆွဲထားနေမိတာဖြစ်ပါတယ်။
(၄) သူ့ကို အရမ်းဂရုစိုက်နေတယ်
သင့်ဘက်က သံယောဇဉ်တွေမကုန်သေးတဲ့အခါ ဒါမျိုးဖြစ်တတ်ပါတယ်။ ပြတ်ပြီလို့ဆိုပေမယ့်လည်း သင့်ဘက်က သူ့ကို ခွင့်လွှတ်နေတယ်၊ သူလာတောင်းပန်တဲ့အခါ ပြန်စဖို့အသင့်ဖြစ်နေတတ်တာမျိုးနဲ့ သူ့အတွက် လိုက်စိတ်ပူပေးတာ မျိုးတွေ လုပ်နေတဲ့အခါ သူ့ကိုသင့်စိတ်ထဲကဆွဲထားမိတတ်ပါတယ်။ ဒီလိုလုပ်တာဟာ သင့်ကိုယ်သင် ထပ်ပြီးနာကျင်စေဖို့ ခွင့်ပြု ထားသလို သူကလည်း သင့်ကိုလွယ်လွယ်ကူကူလို့ သဘောထားပါလိမ့်မယ်။
(၅) အထီးကျန်မှာကို ကြောက်တယ်
သူနဲ့လမ်းခွဲပြီးနောက်မှာ သင့်ကိုဘယ်သူမှ လာမကြိုက်တော့မှာ၊ ဘဝကိုတယောက်တည်း အထီးကျန်စွာ ဖြတ်သန်း ရတော့မှာမျိုးတွေကို တွေးစိတ်ပူတာကြောင့် သူ့ကိုဆွဲထားနေမိတတ်ပါတယ်။ တွဲလာတဲ့အချိန်ကြာလေ သ့င်ဘက်က သူ့ကိုလက်လွှတ်ရမှာ စိတ်ပူလေပါပဲ။
ကဲ… ဒီလိုအချက်တွေကြောင့် လမ်းခွဲရမှာကြောက်နေစရာမလိုပါဘူး။ ကိုယ့်အပေါ်မကောင်းတဲ့သူ၊ ကိုယ်နဲ့သဘောထား ချင်းမတိုက်ဆိုင်တဲ့သူနဲ့ သည်းခံပြီးတွဲနေမယ့်အစား သင့်အတွက် စစ်မှန်တဲ့အဖော်ကောင်းကိုသာ စောင့်သင့်ပါတယ်။
https: www.cosmo.ph