လူတွေဟာ အင်တာနက်ကို အလွယ်တကူ အသုံးပြုလို့ရတဲ့အခါမျိုးမှာ စိတ်ခံစားမှုတွေက အရင်အချိန်တွေထက် အတက်အကျ ပိုမြန်လာပါတယ်။
အားတက်စရာ ရှိလာရင်လည်း ချက်ချင်းပဲ ထလုပ်တော့ မယောင်ဖြစ်ပြီး သူများတကာရဲ့အောင်မြင်မှုကို လူမှုကွန်ရက်တွေ မှာမြင်ပြီး စိတ်ဓာတ်ကျလာတာမျိုးတွေရှိလာပါတယ်။ လူတွေရဲ့အတွေးအခေါ်ကို အဆိပ်ခတ်ဖို့ လွယ်ကူလာပြီး အမှားကို အမှန်လို့ ထင်လာတာမျိုးတွေ ရှိတတ်ပါတယ်။
ဒါကြောင့် အဆိုးမြင်တာတွေ လျော့နည်းပြီး အကောင်မြင်သမားတယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ပျိုးထောင်သင့်ပါတယ်။ အကောင်းမြင်စိတ်ဟာ ဘာကြောင့်ကောင်းမွန်တယ်ဆိုတာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
(၁) ကျန်းမာရေးကောင်းတယ်
အကောင်းမြင်သမားတွေက ဖြစ်လာသမျှပြဿနာတွေကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တာကြောင့် အခြားသူတွေထက် ကျန်းမာရေးပိုကောင်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်ခြင်း စတာတွေကို ဖြေဖျောက်ဖို့ သူတို့မှာ ကိုယ်ပိုင်နည်းလမ်းရှိပါတယ်။
(၂) ချမ်းသာတယ်
ချမ်းသာတယ်ဆိုတာ ပိုင်ဆိုင်မှုတွေအများကြီးရှိနေတာမျိုးကို မဆိုလိုပါဘူး။ ကိုယ်ပိုင်တဲ့အရာအပေါ် ကျေနပ်ရောင့်ရဲပြီး ပျော်ရွှင်နေတာကြောင့် လူမချမ်းသာတောင် စိတ်တော့ ချမ်းသာရပါတယ်။
(၃) ခင်မင်သူပေါတယ်
အကောင်းမြင်စိတ်ရှိသူတွေဟာ နှစ်လိုဖွယ်ကောင်းပါတယ်။ တဖက်သားကိုလေးစားပြီး နှိမ့်ချတာမျိုးမရှိတာကြောင့် သူတို့နဲ့ ပေါင်းသင်းဆက်ဆံရတာ ပျော်ဖို့ကောင်းပါတယ်။ လိုအပ်တိုင်း အကူအညီတွေ၊ အကြံဉာဏ်တွေတောင်းလို့လည်း ရပါသေးတယ်။
(၄) တွေးခေါ်နိုင်စွမ်းကောင်းတယ်
အဖွဲ့တခုမှာ အကောင်းမြင်စိတ်ရှိသူတွေက အကြံဉာဏ်ကောင်းတွေ ပိုထွက်တတ်ပါတယ်။ အဆိုးမြင်သမားကတော့ မစရသေးခင် မဖြစ်နိုင်ဘူးဆိုတာမျိုးနဲ့ ငြင်းလေ့ရှိပြီး အကောင်းမြင်သူတွေကတော့ ဖြစ်လာတဲ့ပြဿနာတိုင်းကို ပျော်ရွှင်စွာ ဖြေရှင်းလေ့ရှိပါတယ်။
(၅) တန်ဖိုးရှိတဲ့ ဆက်ဆံရေးကိုတည်ဆောက်နိုင်တယ်
လူတိုင်းက ကိုယ့်ကိုသာနားလည်ပေးစေချင်ကြပေမယ့် သူများကို နားလည်ပေးဖို့ကျတော့ ခက်ပါတယ်။ အကောင်းမြင် စိတ်ရှိသူတွေကတော့ နေရာတကာ နားလည်ပေးတဲ့အတွက် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ အချစ်ရေးမှာ ပျော်ရွှင်စရာ ကောင်းတဲ့ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ပါတယ်။
တခုရှိတာက အကောင်းမြင်တတ်တယ်ဆိုပြီး သင့်ကိုအနိုင်မကျင့်စေဖို့တော့ ဂရုစိုက်ပါ။
Ref ; www.getoffyourattitude.com