နေကြာပန်းပေါင်း ၁ သောင်းကျော်နဲ့ ခင်းကျင်းပြသသွားမယ့် စင်ကာပူက ပန်းပွဲတော်
စင်ကာပူနိုင်ငံရဲ့ အထင်ကရ နေရာတခု ဖြစ်တဲ့ Gardens by the Bay မှာ နေကြာပန်းပေါင်း ၁ သောင်းကျော်နဲ့ သြဂုတ်လ ၃၁ ရက်နေ့ကနေ အောက်တိုဘာလ ၂၁ ရက်နေ့ထိ အလှဆင် ခင်းကျင်း ပြသသွားမယ်လို့ သိရပါတယ်။
နေကြာပန်းမျိုးကွဲပေါင်း ၅၀ ကျော်နဲ့ ဖန်တီးထားတဲ့ စင်ကာပူရဲ့အကြီးဆုံး နေကြာပန်းပွဲကြီးကြောင့် Gardens by the Bay မှာတော့ နေရောင်ခြည် ဖြာထွက်နေသလို တောက်ပနေပါတယ်။ ဒီပန်းပွဲကြီးမှာ လူမျက်နှာ နီးပါးလောက် အရွယ်အစားရှိတဲ့ Teddy ဝက်ဝံရုပ်တွေလို အရုပ်ပုံတွေကိုလည်း အလှဆင်သွားမှာပါ။
နေကြာပန်းပေါင်း ၁၆၀၀၀ ကျော်ကို အရွယ်အစား၊ ပုံစံ၊ အမျိုးကွဲပေါင်းများစွာ ပေါက်ရောက်ပုံ အဆင့်ဆင့်ကို ခင်းကျင်းပြသသွားမှာဖြစ်သလို ထက်ဝက်လောက်က မြင်ရခဲတဲ့ အမေရိကန်မျိုးရင်း ရှားပါးမျိုး စိတ်ကနေ ပေါက်ရောက်တဲ့ နေကြာအမျိုးအစားတွေကို ပြသသွားဖို့ ရှိပါတယ်။
ထူးထူးခြားခြား နေကြာပန်းတွေကို ခေတ်ဟောင်းနာမည်ကျော် Wizard of OZ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေအတိုင်း ပြင်ဆင်ထားတာကိုပါ မြင်တွေ့ရကြမှာပါ။ ဒီဇာတ်လမ်းထဲမှာ အားလုံးရင်းနှီးပြီးသား Dorothy ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Scarecrow, Tin Man နဲ့ သူရဲဘောကြောင် Lion တို့ကို နေကြာပန်းခင်းကြီးနဲ့ ဘယ်လိုပုံဖော်ထားလဲဆိုတာ ရင်ခုန်စရာပါ။
Gardens by the Bay ဟာ စင်ကာပူနိုင်ငံရဲ့အထင်ကရ နေရာတခုဖြစ်ပြီး ခရီးသွားဧည့်သည်တိုင်း မသွားမဖြစ် သွားရောက်လည်ပတ်ကြတဲ့ နေရာတခုပါ။ သဘာဝပန်းခြံ အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဧည့်သည် ၆ ဒဿမ ၄ သန်း၊ ၂၀၁၅ ခုနှစ်ဝင်ဘာလထိ သန်း ၂၀ လာရောက် လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Gardens by the Bay ရဲ့ Flower Dome တခုတည်းနဲ့တင် ၃ ဧကနီးပါး အကျယ်အဝန်းရှိပြီး ကမ္ဘာ့ဒေသ အသီးသီးက ရာသီဥတုအမျိုးအစားပေါင်းစုံမှာ ပေါက်ရောက်တဲ့ ပန်းပင်တွေကို ပြသထားရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
Flower Dome ထဲမှာ ပန်းခြံပေါင်း ၇ ခုလောက်ခွဲပြီး ပန်းအမျိုးပေါင်းမျိုးစုံကို အပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ်ကနေ ၂၅ ဒီဂရီ စင်တီဂရိတ်ကြား ထိန်းထားပြီး ညဘက်မှာတော့ အပူချိန်ကို ဒီထက် ပိုလျှော့ချထားတယ်လို့ သိရပါတယ်။
နေကြာပန်းပေါင်းစုံနဲ့ ခင်းကျင်းပြသထားတဲ့ ပန်းပွဲတော်ကို သွားရောက်ကြည့်ရှုချင်တယ်ဆိုရင် Flower Dome ကို နေ့စဉ်နေ့တိုင်း မနက် ၉ နာရီကနေ ည ၉ နာရီထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။
Ref: CNA