ကျူးဘားနိုင်ငံ၊ ဟားဗားနားမြို့က ကလေးသူငယ်တွေဟာ ကွန်ဒုံးနဲ့ လေးခွလုပ်ပြီး ဆော့တတ်ကြတယ်ဆိုရင် ယုံမလား။
မွေးနေ့ပါတီတွေနဲ့ ပွဲအခမ်းအနားတွေမှာလည်း ဘောလုံးအစား ကွန်ဒုံးကို သုံးကြပါတယ်။ ကွန်ဒုံးဟာ အမျိုးသမီးတွေအတွက်ဆိုရင် ခေါင်းစည်းကြိုး၊ ယာဉ်မောင်းတွေအတွက်ဆိုရင် (ချောဆီပါတဲ့) ကွန်ဒုံးတွေက ဒက်ရှ်ဘုတ် သုတ်စရာပေါ့။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးထဲမှာ ရမ်တွေဖြည့်ပြီး နိုက်ကလပ်ထဲ ခိုးသယ်ကြသူတွေလည်း ရှိပါတယ်။
ငါးဖမ်းသမားတွေက လေဖြည့်ထားတဲ့ ကွန်ဒုံးတွေကို ငါးဖမ်းပိုက်ကွန်ဘောလုံးတွေအဖြစ်လည်း အသုံးပြုကြပါတယ်။ ကျူးဘားရဲ့ ကွန်ဒုံးအသုံးချပုံဟာ ဒီမှာတင် မပြီးသေးပါဘူး။ ဝိုင်ထုတ်လုပ်သူတွေကလည်း ဝိုင်ဖန်အိုးကြီးတွေရဲ့နှုတ်ခမ်းဝမှာ ကွန်ဒုံးစွပ်ပြီး ဝိုင်ဖောက်ကြပါသေးတယ်။ ကျူးဘားမှာ ဝက်သစ်ချစည်တွေအစား ဖန်အိုးတွေနဲ့ ဝိုင်ဖောက်တာပါ။
ဖန်အိုးထိပ်မှာ စွပ်ထားတဲ့ ကွန်ဒုံးက ဖောင်းနေသေးတယ်ဆိုရင် ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်နေတုန်း၊ ဝိုင်ဖောက်လို့ မပြီးသေးဘူးလို့ ဆိုလိုတာဖြစ်ပြီး၊ ကွန်ဒုံးပျော့ကျသွားပြီရင်တော့ ဝိုက်ဖောက်လို့ ပြီးပြီဆိုတဲ့ သင်္ကေတပါ။
အခြေခံအသုံးအဆောင်ပစ္စည်းတွေ ရှားပါးတဲ့ ကျူးဘားလို ကွန်မြူနစ်နိုင်ငံလေးမှာ ကွန်ဒုံးဟာ ဘက်ပေါင်းစုံက အသုံးဝင်တဲ့ပစ္စည်းဖြစ်ပါတယ်။ ယုံချင်ယုံ၊ မယုံချင်နေ ကျူးဘားနိုင်ငံသားတွေရဲ့ ပြောစကားအရဆိုရင် ၁၉၉၂ ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် “အထူးအကြပ်အတည်းကာလ” မှာ ကွန်ဒုံးကို ပီဇာပေါ် ဆမ်းတဲ့ပစ္စည်းအဖြစ် အသုံးချခဲ့တဲ့သူတွေတောင် ရှိတယ်လို့ သိရပါတယ်။
ကျူးဘားနိုင်ငံသားတွေဟာ ကွန်ဒုံးကို ထွင်သုံးတဲ့နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ကွန်ဒုံးက ကျူးဘားမှာ ဈေးပေါတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ အစိုးရရောင်းဈေးအရဆိုရင် ကွန်ဒုံး ၃ ခုပါ တထုပ်ကိုမှာ ၁၀ ပီဆို ( ဒေါ်လာ ၄ ဆင့်) လောက်ပဲ ရှိပါတယ်။ ကျူးဘားအစိုးရဟာ လိင်ကျန်းမာရေးနဲ့ သားဆက်ခြားရေးကဏ္ဍတို့ကိုလည်း အားစိုက်လုပ်ဆောင်ပေးတဲ့ အစိုးရပါ။
ကျူးဘားက ရုပ်ရှင်ရုံတွေမှာဆိုရင် ရုပ်ရှင်မပြခင်မှာ အန္တရာယ်ကင်းလိင်ဆက်ဆံရေးရဲ့ အရေးကြီးပုံကို အသိပညာပေးတဲ့ ကာတွန်းအတိုလေးတွေ ပြလေ့ရှိပါတယ်။ (ကျူးဘားရုပ်ရှင်ရုံတွေမှာ ကြော်ငြာမပြပါဘူး။) ဂေးအမျိုးသားတွေ အတက်များတဲ့ နိုက်ကလပ်တွေမှာဆိုရင်လည်း လိင်အန္တရာယ်ပညာပေးဗီဒီယိုလေးတွေ ဖွင့်ထားပေးလေ့ ရှိပါတယ်။ ဒါတွေကြောင့် ကျူးဘားဟာ အမေရိကားတိုက်ရဲ့ HIV ကူးစက်နှုန်း အနည်းဆုံးနိုင်ငံတွေထဲမှာ တခု အပါအဝင်ဖြစ်နေတာပါ။
၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ကာလအတွင်းမှာ HIV ကူးစက်နှုန်း ၂ ဆမြင့်တက်သွားခဲ့သေးပေမယ့်၊ ဘာကြောင့်လဲဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။
သောက်ဆေးနဲ့ ထိုးဆေးသုံးပြီး သားဆက်ခြားတဲ့နည်းလမ်းတွေကို ကျူးဘားမှာ လွယ်လွယ်မရနိုင်တဲ့အတွက် အားလုံးလိုလိုဟာ ကွန်ဒုံးကိုပဲ အဓိက အားကိုးကြပါတယ်။ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ထုတ်တဲ့ Moments နဲ့ Vigor အမှတ်တံဆိပ်ကွန်ဒုံးတွေဟာ ကျူးဘားမှာ အပေါဆုံးကွန်ဒုံးတွေ ဖြစ်ပါတယ်။
“အဲဒီကွန်ဒုံး အနံ့တွေက နှာခေါင်းထဲက တော်တော်နဲ့မပျောက်သွားပါဘူး။ မွှေးလို့တော့ မဟုတ်ဘူးနော်၊ အနံ့ကြီးက တော်တော်ဆိုးလို့” ဆိုပြီး ဟားဗားနားက အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။ ဒါကြောင့် သူ့ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ နိုင်ငံခြားသွားတိုင်း အမေရိကန်လုပ် Durex ကွန်ဒုံးကို သူအမြဲမှာလေ့ ရှိပါတယ်။ အထူးသဖြင့် “ ပန်းရောင် Durex ဘူး” က သူ့အကြိုက်ပါ။
ဒါပေမယ့် Moments လို ပေါပေါလောလော ကွန်ဒုံးမျိုးတောင် ပစ္စည်းပြတ်လပ်သွားတာမျိုး ကျူးဘားမှာ တခါဖြစ်ဖူးပါတယ်။ ၂၀၁၂ တုန်းက ကွန်ဒုံးအရေအတွက် သန်းပေါင်းများစွာ ကျူးဘာကို ရောက်လာပေမယ့်၊ ကွန်ဒုံးအားလုံးလိုလိုက အဲဒီနှစ်အတွင်း သက်တမ်းကုန်မယ့်ဘူးတွေ ဖြစ်နေပါတယ်။
ကွန်ဒုံးအချို့ကို စမ်းသပ်ကြည့်ပြီးတဲ့အခါမှာတော့ ဘူးတွေက သက်တမ်းကုန်ဆုံးရက်တွေဟာ မှားကပ်ထားတာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်အထိ သုံးလို့ရသေးတဲ့ဘူးတွေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကျူးဘားနိုင်ငံအတွက် သက်တမ်းကုန်ဆုံးရက်မှားနေတဲ့ ကွန်ဒုံးဘူးသန်းချီကို လွှင့်ပစ်ဖို့ဆိုတာ မတတ်နိုင်တဲ့ကိစ္စတခုဖြစ်တာကြောင့်၊ အစိုးရဦးစီးပြီး ကွန်ဒုံးဘူးတွေကို လက်နဲ့ တဘူးချင်း ရက်ပြောင်းကပ်ခဲ့ရပါတယ်။
သက်တမ်းကုန်ဆုံးရက်ပြောင်းကပ်တာတင် ၂ နှစ်လောက် ကြာမြင့်သွားခဲ့ပြီး၊ ကပ်လို့ပြီးတဲ့အခါမှာ ကွန်ဒုံးရောင်းချရမယ့်ရက်စွဲတောင် ကျော်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။ တော်သေးတာက ဒီပြဿနာရဲ့ နောက်ဆက်တွဲအနေနဲ့ ကျူးဘားမှာ ကလေးမွေးဖွားနှုန်း မြင့်တက်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ငါးဖမ်းနှုန်းတော့ ကျချင်ကျခဲ့မှာပေါ့။
economist.com တွင် ရေးသားထားသော The many uses of condoms in Cuba သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Ref: Economist