ဆံပင်အရောင် ပြောင်းချင်ကြတဲ့အခါ အသုံးပြုတဲ့ ဆံပင်ဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေများစွာ ပါဝင်တာကြောင့် ဆံသားတွေကို ပျက်စီးစေနိုင်ရုံသာမက အရေပြားယားယံတာ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေနဲ့ ကင်ဆာအထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်အနေနဲ့ ဆံပင်အရောင်လည်းဆိုးချင် ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကနေလည်း စိုးရိမ်နေတယ် ဆိုရင်တော့ အခုဖော်ပြမယ့် သဘာဝပစ္စည်းတွေအသုံးပြုပြီး ဆံပင်အရောင်ဆိုးနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) သကြားမုန်လာ
သံဓာတ်နဲ့ antioxidant ကြွယ်ဝတဲ့ သကြားမုန်လာဟာ ဆံသားတွေကို အနီဖျော့ရောင်အသွင် ဆေးဆိုးဖို့ ကူညီပေးနိုင်တဲ့ သဘာဝပစ္စည်းပဲ ဖြစ်ပါတယ်။ သကြားမုန်လာကို ကြိတ်ချေပြီး ရလာတဲ့အရည်နဲ့ ဆံသားအနှံသုတ်လိမ်းပေးပြီး သဘာဝအတိုင်း အခြောက်ခံထားလိုက်ပါ။ ဆံသားတွေ ခြောက်သွေ့သွားပြီဆိုရင်တော့ ခေါင်းလျှော်ပေးပြီး ဆံပင်အရောင်ကို ပိုမိုကြာရှည် ခံချင်တယ် ဆိုရင်တော့ အရောင်ဆိုးပြီးတဲ့အချိန်မှာ ပန်းသီးရှာလကာရည်အနည်းငယ်နဲ့ ဆေးကြောပေးနိုင်ပါတယ်။
(၂) သဘာဝ ကော်ဖီမှုန့်
အညိုရင့်ရင့် (dark brown) လို အရောင်မျိုး ဆေးဆိုးချင်တယ်ဆိုရင်တော့ သဘာဝကော်ဖီမှုန့်နဲ့ ဆံပင်ပျော့ဆေး (Conditioner) တို့ကိုရောစပ်ပြီး ဆံသားပေါ်မှာ သုတ်လိမ်းပေးပါ။ နာရီဝက် (သို့) တနာရီလောက်ထားပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါ။ သဘာဝပစ္စည်းတွေကိုသာ အသုံးပြုတာဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့ ဆံပင်အရောင် အနေအထားအတိုင်းရဖို့ တပတ်မှာ သုံးကြိမ်ခန့် ထပ်မံပြုလုပ်ပေးနိုင်ပါတယ်။
(၃) သဘာဝ ဒန်းပင်
သဘာဝဒန်းပင်ဟာ ဆံပင်ဖြူတွေကို ဖုံးအုပ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက အိန္ဒိယမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ လိမ္မော်ဖျော့ရောင် ဆံသားအသွင်ကို ရရှိချင်ရင်တော့ ဒန်းရွက်မှုန့်နဲ့ ရေတခွက်နဲ့ ရောပြီး ခပ်ပျစ်ပျစ်အနေအထားမှာ သွားပွတ်တံဟောင်းတခုကို သုံးပြီး ဆံသားအနှံ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ အချိန်နှစ်နာရီခန့်ကြာအောင် ဆံသားကို နှပ်ထားပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် လိမ္မော်ဖျော့ရောင် ဆံသားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) သစ်ကြားသီး အခွံ
သစ်ကြားသီးစားပြီးတဲ့အခါ သစ်ကြားသီးအခွံတွေကို လွှင့်မပစ်လိုက်ပါနဲ့။ ဘာလို့လဲဆိုရင်တော့ သစ်ကြားသီးအခွံတွေဟာ အညိုရောင်ဆံသားတွေအဖြစ် အရောင်ပြောင်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ သစ်ကြားသီးခွံတွေကို ရေဆူဆူနဲ့ နာရီဝက်ခန့်ပြုတ်ပေးပြီး ရလာတဲ့ အရည်ကို ဆံသားတွေပေါ်မှာ လိမ်းပေးပြီး တနာရီခန့်အကြာမှာ ခေါင်းလျှော်ပေးခြင်းအားဖြင့် အညိုရောင်ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Ref : timesofindia.indiatimes.com