သတ္တဝါတွေအားလုံးမှာ လူတွေကို အသိဉာဏ်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ အချက်ကတော့ လူတွေက စကားပြော တတ်လို့ပဲဖြစ်ပါတယ်။ လူတွေတယောက်နဲ့တယောက် အဆက်အသွယ်ပြုလုပ်ဖို့ အရေးအကြီးဆုံးက စကားပြောဖို့ပါ။
စာရေးသူတို့ အားလုံးဟာ နေ့စဉ်နေ့တိုင်း သူစိမ်းတွေနဲ့ ကြုံတွေနေရပါတယ်။ တချို့တွေဟာ သူစိမ်းတွေကို လွယ်လွယ်ကူကူ စကားပြောတတ်ကြပေမယ့် တချို့ကတော့ သူစိမ်းတယောက်လောက် ရှိတယ်ဆိုရင်တောင် စကားပြောရခက်သွားတာတွေ ရှိတတ်ပါတယ်။
ဒါကြောင့် ဒီတခါမှာ သူစိမ်းတွေကို စကားစပြီးပြောဖို့ ခက်ခဲတဲ့သူတွေ လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေး ချင်ပါတယ်။
(၁) ပြုံးပြပြီး နှုတ်ဆက်ပါ
သင်တယောက်တည်း ဘတ်စ်ကားစောင့်နေတဲ့ အချိန်တွေမှာ သင့်ဘေးမှာ လူတွေအများကြီး ရှိနေမှာပါ။ ဒီလူတွေထဲမှာ အနေရမကြပ်စေဖို့နဲ့ သင့်ရဲ့ စကားပြောရခက်တဲ့ အကျင့်ကို ပြင်ဆင်ဖို့ဆိုရင် ပထမဆုံး သင်လုပ်ရမှာက ပြုံးပြပြီး နှုတ်ဆက်ဖို့ပဲ ဖြစ်ပါတယ်။ သင်နှစ်သက်နေတဲ့ ကောင်မလေးနဲ့ တရုံးထဲမှာ အလုပ်လုပ်နေတယ် သူ့ကို စကားလည်း သွားမပြောရဲဘူးဆိုရင် ပြုံးပြပြီး နှုတ်ဆက်ပါ။ အနည်းဆုံးတော့ ဒီလို အစပျိုးတာက သင့်အတွက် အရှုံးမရှိပါဘူး။
(၂) သူတို့ရဲ့ ဝါသနာကို မေးပါ
ဝါသနာကိုမေးတာဟာ ကောင်းမွန်တဲ့ စကားပြောခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။ သင်ဟာ တစုံတယောက်ရဲ့ ဝါသနာကို မေးမြန်ခြင်းအားဖြင့် သူတို့အကြောင်းကို ပိုမိုသိရှိနိုင်မယ့် နည်းလမ်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် မတော်တဆများ သူတို့ ဝါသနာပါတာနဲ့ သင့်ဝါသနာဟာ တူနေမယ်ဆိုရင် သင်တို့ရဲ့ စကားဝိုင်းလေးက ပိုမိုစိုပြေလာမှာ သေချာပါတယ်။ စကားပြောတဲ့ အခါ မေးခွန်းတွေထုတ်ပြီးပြောတာ၊ သူပြောတဲ့ စကားကို ထောက်ခံပေးတာတွေကိုလည်း လုပ်သင့်ပါတယ်။
(၃) သူတို့ဖက်က ထင်မြင်ချက်တွေကို မေးပါ
စကားပြောတဲ့ ပညာမှာ အရေးအပါဆုံးကတော့ သူတို့ဖက်က ထင်မြင်ချက်တွေကို မေးတာပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေ ကို နားထောင်ပါ။ မရင်းနှီးသေးတဲ့ အချိန်မှာတော့ အငြင်းအခုန်ကြီးကြီးမားမားဖြစ်စေမယ့် မေးခွန်းမျိုးတွေကို မမေးတာ အကောင်းဆုံးပါပဲ။
(၄) ပြောနေကျစကားတွေကို ရှောင်ပါ
စကား စပြောတဲ့ အချိန်မှာ ပုံမှန်နေ့စဉ်ပြောနေကျ စကားတွေနဲ့ စပြီးပြောတာက စကားကို မြန်မြန်ပြီးဆုံးသွားစေ ပါတယ်။ ဥပမာ စားပြီးပြီလားလို့ တခြားတယောက်ကို မေးတဲ့အခါ ပြန်ဖြေတဲ့ သူဖက်က စားပြီးပြီး ဆိုတာလောက်ပဲ ပြန်ဖြေလို့ ရပါတယ်။
အဲ့ဒီမေးခွန်းကို မေးပြီးသွားတဲ့ အချိန်မှာ သင်တို့ရဲ့ စကားဝိုင်းက တိတ်ဆိတ်သွားပြီး ပြန်လည် အစပြုဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် အသေးအမွှားကိစ္စလေးတွေကို ရှောင်ကြဉ်ပြီး ပြောသင့်ပါတယ်။
(၅) အကြည့်ချင်းဆုံပါ
ဒီနိုင်ငံမှာတော့ စကားပြောတဲ့အခါ အကြည့်ချင်းဆုံမိရင် ရိုင်းတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာ မှာတော့ စကားပြောတဲ့ အချိန် မျက်လုံးလွှဲလိုက်တာက သင်နဲ့ စကားပြောနေတဲ့ သူကို မလေးစားရရောက်တယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တမ်းမှာ စကားပြောနေတဲ့ အချိန် အကြည့်ချင်းဆုံလိုက်တာဟာ တဖက်သားက ကိုယ်ပြောချင်တဲ့ စကားရဲ့ အတိမ်အနက်ကို ပိုပြီးသိရှိနိုင်ပါတယ်။
အားလုံးမှာ အရေးအကြီးဆုံးကတော့ သင်ဟာ သူစိမ်းတယောက်နဲ့ စကားစတင်ပြီးပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ သင့်ရဲ့ စကားပြောရခက်တဲ့ အကျင့်ကို ပြင်ချင်စိတ်ရှိဖို့ပဲ လိုအပ်တာပါ။
Ref;lifehacks.com