ကလေးဘဝကတည်းက မက်ခဲ့ရတဲ့ အိပ်မက် အာကာသယာဉ်မှူး မဖြစ်ခဲ့ရလို့ အားငယ်စရာ မလိုတော့ပါဘူး။ ယခုအချိန်ဟာ အာကာသယာဉ်မှူးအဖြစ် ပြန်လည် ပုံဖော်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ မားစ်ဂြိုဟ်နဲ့ မားစ်ဂြိုဟ် ပတ်ပတ်လည်မှာရှိတဲ့ အခြားဂြိုဟ်တွေကို သွားရောက်လေ့လာဖို့ အာကာသယာဉ်မှူးတွေနဲ့ ဒုံးပျံ ပညာရှင်တွေ၊ ခရီးသွားချင်သူတွေကို စတင် လေ့ကျင့်ပေးနေပြီး ၂၀၁၉ ခုနှစ်အစောပိုင်းမှာ အာကာသခရီးစဉ်ကို လိုက်ပါ စီးနင်းနိုင်တော့မှာ ဖြစ်ပါတယ်။
“SpaceX”, “Blue Origin” အစရှိတဲ့ အာကာသခရီးသွား ကုမ္ပဏီတွေကနေ ခရီးစဉ်အတွက် ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ကလည်း တော်တော်များများ ကျသင့်မှာ ဖြစ်ပါတယ်။ Blue Origin ကုမ္ပဏီရဲ့ ထုတ်ပြန်ထားတဲ့ သတင်းတွေအရဆိုရင်တော့ အာကာသ ခရီးစဉ်အတွက် လက်မှတ်တစောင်ကို အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ ကနေ ဒေါ်လာ ၃၀၀,၀၀၀ အထိ ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။
Blue Origin ရဲ့ နောက်ထပ်ခြေလှမ်းတခုကတော့ “Shepard” လို့ခေါ်တဲ့ အာကာသယာဉ်တမျိုးကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းဖို့ဖြစ်ပြီး “ကျနော်တို့ရဲ့ ပထမဆုံး အာကာသခရီးသွားတွေအတွက် သိပ်မကြာခင်မှာ ခရီးစဉ်ကို စတင်တော့မှာ jဖစ်ပါတယ်”လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Rob Meyerson က ၂၀၁၈ ခုနှစ် ဇွန်လ Amazon Web Services Public Sector အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာတော့ Blue Origin ရဲ့ Shepard အာကာသယာဉ် စမ်းသပ်ပျံသန်းမှုမှာ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
ခရီးသည်တွေ လုံခြုံစိတ်ချစွာ စီးနင်းလိုက်ပါနိုင်ဖို့အတွက် တချို့သောအချက်တွေက ကုမ္ပဏီအဖို့ ဖိအားတခုကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့သိပ္ပံပညာရှင်တွေကတော့ အာကာသရဲ့ လူအမျိုးမျိုးအပေါ် သက်ရောက်မှုကို လေ့လာနေဆဲ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Shepard ယာဉ်ဟာ ပေ ၆ဝ အမြင့်ရှိပြီး ခရီးသွား ၆ ယောက်စာအတွက် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာမြေနဲ့ အကွာအဝေး ၆၂ မိုင်နဲ့ အထက်အထိ ရောက်ရှိနိုင်မှာဖြစ်ပြီး ထူးခြားအံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းတွေကို တွေ့မြင်ကြရမှာလည်း ဖြစ်ပါတယ်။ အလေးချိန် မရှိခြင်းနဲ့ အတွေ့အကြုံကောင်း တခုကို ရရှိနိုင်မှာဖြစ်ပြီး ကမ္ဘာတခုလုံးရဲ့ အဝန်းအဝိုင်းကို တွေ့ရှိကြရမှာလည်း ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ကြာမြင့်ချိန်ကတော့ ၁ နာရီအောက်သာ ရှိတယ်လို့ ကုမ္ပဏီအနေနဲ့ တွက်ဆထားခဲ့ပြီး ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ၂၀၂၂ ခုနှစ် အာကာသဟိုတယ်မှာ တည်းခိုနိုင်ပြီ
Ref: www.simplemost.com