ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကြည်လင်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သင်ဟာကော်ဖီချစ်သူ တယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကော်ဖီဆီရဲ့ အလှအပအတွက် အကျိုးပြုနိုင်ပုံနဲ့ ပြုလုပ်နည်းကို လက်မလွှတ်သင့်ပါဘူး။
ကော်ဖီဆီကို ပြုလုပ်ဖို့အတွက်က ခက်ခက်ခဲခဲ ပြုလုပ်စရာ မလိုသလို ပါဝင် ပစ္စည်းတွေကလည်း ရိုးရှင်းပါတယ်။ သဘာဝ ကော်ဖီမှုန့် ၄ ဇွန်းနဲ့ သံလွင်ဆီ (ဒါမှမဟုတ်) အုန်းဆီ ၈ဇွန်းတို့ကို ရောနှောပြီး အချိန် ရက်သတ္တပတ် ၃ ပတ်ကနေ ၄ ပတ်အထိ ထားပေးပါ။ အချိန် ၃ ပတ်ခန့် ထားပြီးရင်တော့ ကော်ဖီမှုန့်တွေကို စစ်လိုက်ရုံနဲ့ သဘာဝ ကော်ဖီဆီကို ရရှိမှာ ဖြစ်ပါတယ်။
ကော်ဖီဆီရဲ့ ပြုလုပ်ပုံကို သိရှိသွားပြီဆိုရင်တော့ သူ့ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ မျက်ကွင်းညိုခြင်းနဲ့ မျက်နှာပေါ်က အမည်းစက် ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ကော်ဖီဆီကို မျက်လုံးတဝိုက်နဲ့ မျက်နှာပေါ်က အမည်းစက်တွေပေါ်ကို ညအိပ်ရာ ဝင်တိုင်း လိမ်းကျံပေးနိုင်ပါတယ်။
(၂) အမာရွတ်တွေနဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေအတွက် ကော်ဖီဆီကို သုတ်လိမ်းပေးရုံနဲ့ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၃) ခေါင်းမလျှော်ခင် ကော်ဖီဆီကို ဦးရေပြားနဲ့ ဆံသားတွေပေါ်မှာ လိမ်းကျံပေးမယ်ဆိုရင် ဦးရေပြား ယားယံတာ ၊ ဗောက်ထတာတွေကို ပျောက်ကင်းစေနိုင်တဲ့အပြင် ဆံပင်တွေကို သန်စွမ်းပြီး အရှည် မြန်စေပါတယ်။
(၄) ကော်ဖီဆီကို မျက်နှာအသားအရေပေါ် ညအိပ်ရာဝင်တိုင်း လိမ်းကျံပေးခြင်းအားဖြင့် ချွေးပေါက်ကျဉ်းစေပြီး ဆားဝက်ခြံ ၊ ဝက်ခြံအမာရွတ်နဲ့ အဆီဖုတွေကို သိသိသာသာ ပျောက်ကင်းစေပါတယ်။
(၅) ကော်ဖီဆီကို နေလောင်ထားတဲ့ အသားအရေ နေရာတွေနဲ့ ဒူး ၊ တံတောင်ဆစ်တို့ိလို နေရာတွေမှာ ပုံမှန် လိမ်းကျံပေးမယ်ဆိုရင် ညိုမည်းနေတဲ့ အသားအရေတွေကို ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။
Ref: theindianspot.com