“Yukon Striker” လို့ အမည်ရတဲ့ ၃၆၂၅ ပေရှိ တွန့်လိမ်တဲ့ လမ်းကြောင်းတွေနဲ့ အသဲတခိုက်ခိုက် ဖြစ်နေစေမယ့် ရိုလာကိုစတာကို ကနေဒါနိုင်ငံရဲ့ Wonderland မှာ ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ရိုလာကိုစတာက မကြာခင် လက်စသတ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ခမ်းနားတဲ့ အောင်မြင်မှုတခုကို လာရောက် စီးနင်းခံစားကြည့်ကြဖို့ Wonderland ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အခုလို ရှည်လျားလှတဲ့ လမ်းကြောင်းမှာ ဘယ်သူတွေ ကြံ့ကြံ့ခံနိုင်ပြီး တောင်တန်း ပုံသဏ္ဍာန် အကွေ့အကောက်တွေကို ဘယ်သူတွေ ကျော်ဖြတ်နိုင်မလဲဆိုတာကို Wonderland ရဲ့ Yukon Striker ရိုလာကိုစတာ တည်ဆောက်သူတွေက ကြည့်ရှုဖို့ စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အပြီးသတ်ဖို့ လျာထားပြီး ကမ္ဘာ့အကြီးဆုံး Yukon Striker ဟာ တနာရီ မိုင် ၈၀ နှုန်းနဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။
အမြင့်ပေ ၂၄၅ ပေ မြင့်မားပြီး အကန့် ၃ ကန့်မှာ ၈ ယောက်အထိ စုစုပေါင်း တကြိမ်မှာ ၂၄ ယောက် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ထိုင်ခုံတွေကိုလည်း ၉၀ ဒီဂရီ ဒီဇိုင်းဆွဲထားတာဖြစ်တာကြောင့် အမြင့်ဆုံးကနေ ရိုလာကိုစတာ နိမ့်ဆင်း လာဖို့အတွက် ၃ စက္ကန့် အချိန်ယူထားပြီး အဲဒီအချိန် အောက်ခြေမှာရှိတဲ့ မြင်ကွင်းတွေကို ရင်တထိတ်ထိတ်နဲ့ တွေ့မြင်ရဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Yukon Striker ဟာဆိုရင် ၃၆၀ ဒီဂရီ လည်ပတ်မယ့် ကမ္ဘာ့ပထမဦးဆုံး ရိုလာကိုစတာ ဖြစ်တာကြောင့် ၃ မိနစ် ကြာတာနဲ့ စတင် ထွက်ခွာခဲ့တဲ့နေရာကို ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး အဲဒီအခါ ကျမှသာ မြေပြင်နဲ့ အကွာအဝေးကို စီးနင်းသူတွေ သိရှိ ခံစားရမှာ ဖြစ်ပါတယ်။
“Wonderland ကို စဖွင့်ခါစ ကတည်းက Yukon Striker ဟာ ကျနော်တို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကျနော်တို့ အားလုံး ကမ္ဘာ့အဆင့်မီ ရိုလာကိုစတာတခုကို နိုင်ငံတကာအတွက် ချပြဖို့ စိတ်လှုပ်ရှားနေကြရပြီ ဖြစ်ပါတယ်” လို့ ကနေဒါနိုင်ငံ Wonderland ရဲ့ ပြောရေးဆိုခွင့်ရှိသူ Norm Pirtovshek က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “Yukon Striker ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ရိုလာကိုစတာတွေ အားလုံးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်မိပါတယ်”လို့လည်း Norm က ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။
Ref: www.simplemost.com