အသည်းကွဲတယ်ဆိုတာ အဆိုးရွားဆုံး ကိစ္စရပ် တခုပါ။ လူကို ဝမ်းနည်းပက်လက် ဖြစ်စေပြီး နှလုံးသားမှာလည်း ပြင်းထန်တဲ့ ဝေဒနာတွေကို ရင်ဆိုင်နေရလို့ ခုခံဖို့ခက်တဲ့ ရန်သူတော်ကြီးလို့တောင် တင်စားချင်ပါတယ်။
ခံစားရပြီဆိုရင် ဘယ်လောက် အတိမ်အနက်ထိ ဖြစ်သွားမလဲဆိုတာ ကြိုမသိနိုင်တဲ့ အခြေအနေမို့ ဘယ်သူမှတော့ အသည်းကွဲခြင်းကို မခံစားချင်ကြပါဘူး။
အချိန်အတိုင်းအတာ ဘယ်လောက်ယူရင် ပြန်ကောင်းမလဲ၊ ဘယ်လို ပေးဆပ်မှုတွေ ရှိမလဲ၊ ဘာတွေ ထပ်ဆုံးရှုံး သွားရမလဲ ဆိုတာကလည်း ချစ်ခဲ့ကြတဲ့ အတိုင်းအတာနဲ့ ပုံသေနည်း ထည့်ပြီး တွက်ကြည့်လို့ရတဲ့ ပုစ္ဆာ မဟုတ်သလို တယောက်နဲ့ တယောက်လည်း မတူပါဘူး။ တကယ်တော့ အသည်းကွဲတယ်ဆိုတာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တခုတည်း ထိခိုက်ကြေမွသွားတာ မဟုတ်ပါဘူး၊ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ဆက်နွယ်နေပါတယ်။
စိတ်နဲ့ ရုပ်ခန္ဓာဆိုတာ “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသလို ဆက်စပ်နေတာပါ။ အသည်းကွဲခြင်းကြောင့် စိတ်အခြေအနေ လုံးဝ အနုတ်လက္ခဏာ ဆောင်သွားချိန်မှာ ခန္ဓာကိုယ်မှာလည်း ဟိုနေရာ ဒီနေရာက နာကျင်မှုတွေ ဖြစ်လာပါတယ်။
အထူးသဖြင့် နှလုံးမှာပုံမှန် အခြေအနေ မဟုတ်လို့ ရင်ဘတ်အောင့်တာမျိုး၊ အစာစားချင်စိတ် မရှိတော့လို့ အစာအိမ်နာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နဂိုရောဂါ အခံရှိသူဆို ဒီလိုအချိန်မှာ ပြန်ဖြစ်တတ်လို့ သတိထားရပါမယ်။
နောက်တချက်က အသည်းကွဲပြီဆိုရင် နေ့စဉ် လည်ပတ်နေတဲ့ လောကကြီးတခုလုံး ရပ်တန့်သွားသလိုပါပဲ။ ဘာမှ မလုပ်ချင် မကိုင်ချင် ဖြစ်လာမယ်၊ နေ့စဉ်လုပ်ရမယ့် အလုပ် တာဝန်တွေကိုတောင် လစ်ဟင်းလာမယ်၊ အသက်ရှင်ချင် စိတ်တွေ ပျောက်ဆုံးသွားလို့ စိတ်ဖိစီးပြီး စိတ်ဓာတ်ကျရောဂါတွေ ဝင်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျရင် နောက်ဆုံး သတ်သေတာမျိုးတွေထိ စဉ်းစားမိကြလို့ သတိပြုသင့်ပါတယ်။
အခြေအနေတခုကြောင့် ဝမ်းနည်းတာမျိုးက အပေါ်ယံရှပ်ထိ ရုံလောက်ပဲဆိုပေမယ့် အသည်းကွဲတာကတော့ ဝမ်းနည်းမှုတွေ အလုံးအရင်းနဲ့ တချိန်တည်းဝင်လာသလိုပါပဲ။ အမှောင်ထဲမှာ တိတ်တဆိတ်နေရင်း အမြင့်ဆုံး ပူဆွေးမှုကို တချိန်လုံး ခံစားနေရတာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်တဲ့အချိန်ပါ။ ဒီအချိန်မှာ အမြဲတမ်း အဆိုးဘက်ကို တွေးနေတတ်လို့ ဂရုစိုက်ရမယ့်အချိန်ပါ။
တချိန်တည်းမှာ အာရုံပေါင်းစုံ ဝင်လာမယ့်အခြေအနေမို့ တခုတည်းကို အချိန်အကြာကြီး အာရုံမစိုက်နိုင်တော့ပါဘူး။ နာကျင်စရာအဖြစ်တွေကို စဉ်းစားမိလိုက်၊ ရင်ထဲ နာကျင်လာလိုက်၊ ပြေရာပြေကြောင်း တခြားအကြောင်းတွေးလည်း ခဏကြာတော့ နာကျင်စရာတွေကိုပဲ ထပ်တလဲလဲ ပြန်စဉ်းစားမိနေပါမယ်။
နှလုံးရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်ထက် နှေးကွေးသွားတတ်ပါတယ်။ အသည်းကွဲတဲ့အချိန်မှာ ဝမ်းနည်းစိတ်ကြောင့် နှလုံးက အလုပ်လုပ်တာနှေးသွားတာကြောင့် ခန္ဓာကိုယ်အနှံ့ ပို့လွှတ်နေတဲ့ သွေးလည်ပတ်မှုတွေကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေပါ။
စိတ်ရောလူရော ပင်ပန်းနေချိန်မို့ ညဘက်ကောင်းကောင်း အိပ်မပျော်တတ်ကြပါဘူး။ ညသန်းခေါင်ကြီး မသိစိတ်မှာ ဝမ်းနည်းစရာအကြောင်း စဉ်းစားမိပြီး နိုးလာတာမျိုး၊ အိပ်မက်ဆိုးတွေအဖြစ် မက်တာမျိုးတွေကြောင့် ကောင်းကောင်း အိပ်မပျော်တာ ကြာလာတဲ့အခါ ဆက်ဆက်ထိမခံ ဖြစ်လာကြပါတယ်။ ကိစ္စသေးသေးလေးကအစ သည်းမခံနိုင်တာမျိုးတွေ ဖြစ်လာပြီး အရာရာကို မကျေနပ်စိတ်၊ အဆိုးမြင်စိတ်တွေနဲ့ပဲ ကြည့်လာပါတော့တယ်။။
အသည်းကွဲခြင်းနောက်မှာ တယောက်တည်း ပိုနေဖြစ်တဲ့ အထီးကျန်ခြင်းလည်း ကပ်ပါလာပါတယ်။ အဆိုးမြင်စိတ်တွေကြောင့် တခြားသူတွေနဲ့ ဆက်ဆံရေး အစေးမကပ်တော့ဘဲ ခပ်ခွာခွာနေရာက တယောက်တည်း ဖြစ်လာတော့တာပါ။
နောက်ဆုံး အချက်ကတော့ အဆိုးဆုံးအခြေအနေလို့ သတ်မှတ်သင့်တဲ့ အနေအထား တခုပါ။ မာနနဲ့ ယုံကြည်မှုတွေ ဖျက်ဆီးခံလိုက်ရခြင်းပေါ့။ ကိုယ့်ဘက်က ချစ်လွန်းအားကြီးခဲ့ရင် သူ့ဘက်က မှားနေတာတောင် ကိုယ့်မာန အကျခံပြီး တောင်းပန်နေတာမျိုး၊ စိတ်ထဲက တခါတည်း ထုတ်လိုက်သင့်တဲ့ လူမျိုးကို ပြန်လာမလားဆိုပြီး နည်းအမျိုးမျိုးနဲ့ ရူးသွပ်စွာ လုပ်မိနေတာမျိုးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးကုန်ပါတယ်။
အသည်းကွဲရင် ဝမ်းနည်းစရာတွေကို အမြဲစဉ်းစားမိတတ်ပါတယ်။ မတွေးဖို့ ကြိတ်မှိတ် ကြိုးစားနေတာထက် စိတ်ထဲရှင်းသွားတဲ့အထိ အားရပါးရ ငိုပစ်လိုက်ပါ။ ဒါပေမယ့် အချိန်တခုတော့ ရှိပါစေ။ ခံစားမှုပေါ်လိုက်ပြီး တပတ်လား၊ ၂ ပတ်လား၊ ၁ လလား စသဖြင့် ဝမ်းနည်းပြီးပြီ ဆိုရင်တော့ အသစ်ကပြန်စပါ။ ဆက်လျှောက်ရမယ့် အချိန်တွေအများကြီး ကျန်ပါသေးတယ်။ ဒီအချိန်တွေကို ဝမ်းနည်းစိတ်တွေနဲ့ပဲ မဖြတ်သန်းလိုက်ပါနဲ့။
Ref: Relationship Rule