Trend

ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပေမယ့် ဘဝကို အရှုံးမပေးတဲ့ အီတလီမယ် Chiara Bordi

လှပတဲ့မျက်နှာနဲ့ အချိုးအစားပြေပြစ်တဲ့ ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားပေမယ့် ကံအကျိုးပေး မကောင်းခဲ့သူ ဆယ်ကျေ်ာသက်အရွယ် Chiara Bordi ဟာ ဘဝကို အရှုံးမပေးတာကြောင့် အီတလီ အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ခါတင်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

သူမရဲ့ မလျှော့တဲ့ ဇွဲလုံ့လ၊ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းခဲ့မှုတွေက အားပေးတဲ့ ပရိသတ်အပေါင်းကို အံ့သြမှင်သက်စေခဲ့ပါတယ်။ သူမဟာ အီတလီနိုင်ငံ၊ မီလန်မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ မသန်စွမ်းဖြစ်တာကြောင့် ဒီလိုအလှမယ်ပြိုင်ပွဲမျိုးမှာ မပါဝင်သင့်ဘူးလို့ အွန်လိုင်းကနေ ဝေဖန်သူတွေလည်း များခဲ့ပါတယ်။ သူမဟာ အသက် ၁၃ နှစ်အရွယ်က အက်ဆီးဒင့်တခုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ အသက် ၁၈ နှစ်ရှိနေပါပြီ။

သူမရဲ့ Instagram အကောင့်မှာ Bionic Model လို့ ဖော်ပြထားပြီး သူမဟာ ပြိုင်ပွဲပြီးတဲ့ အချိန်မှာတော့ ဝန်းရံသူ အတော်လေးများခဲ့ပါတယ်။ သူမဟာ မသန်စွမ်းဖြစ်လု့ိ ပြိုင်ပွဲမှာ မပါသင့်ဘူးလို့ ဝေဖန်သူတွေအပေါ် သူမက “ကျမက ခြေထောက် မရှိပေမယ့် ရှင်တို့ကတော့ နှလုံးသားကော၊ ဦးနှောက်ပါ မရှိဘူး” လို့ Facebook Page မှာ ပြန်လည်ရေးသားတဲ့အခါ ဝေဖန်သူတွေကို ပိုစိတ်ဆိုးသွားစေခဲ့ပါတယ်။

သူမကထပ်ပြီး “ကျမ အနိုင်ရဖို့ကို စိတ်မဝင်စားပါဘူး။ ဘဝကို အသစ်တဖန်ပြန်လည် မွေးဖွားရတာက ဘယ်လောက်လှပသလဲဆိုတာ ကမ္ဘာကြီးကိုသိစေချင်လို့ လာပြိုင်ခြင်း ဖြစ်တယ်” လို့ ဆိုပါတယ်။

သူမဟာ အက်ဆီးဒင့်ဖြစ်ပြီးနောက်မှာ လောကကြီးကို အရှုံးပေးချင်လာပြီး သေချင်စိတ် ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ နဂိုအခြေအနေရောက်အောင် ပြန်ကြိုးစားခဲ့ပြီးနောက်မှာတော့ ကားလိုင်စင်ရအောင် ယူခဲ့သလို အားကစားနဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့တယ်လို့ သူမက ဝေမျှခဲ့ပါတယ်။

ပြိုင်ပွဲမှာတော့ အစားထိုးထားတဲ့ ခြေအတုနဲ့အတူ ရေကူးဝတ်စုံကို ယုံကြည်မှုရှိရှိနဲ့ ဝတ်ဆင်လို့ လျှောက်လှမ်းခဲ့ပါတယ်။ ခရီးသွားခြင်းနဲ့ အားကစားလုပ်ခြင်းကို နှစ်သက်ပြီး အရိုးခွဲစိတ်ဆရာဝန် ဖြစ်ချင်တယ်လို့လည်း ဆိုပါတယ်။

သူမဟာ အီတလီအလှမယ်ပြိုင်ပွဲမှာ 2nd runner up ဆုကို ရခဲ့ပြီး သူမကိုအားပေးသူတွေကို ကျေးဇူးတင်ကြောင်း သူမရဲ့ Instagram အကောင့်မှာ ရေးသားထားပါတယ်။ “ကျမဟာ ပြောင်းလဲလာတယ်၊ သန်မာလာတယ်၊ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှု ရှိလာပါတယ်။ ကျမကို စိတ်ဓာတ်မကျဖို့ အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။

ကံအကြောင်း မလှခဲ့ပေမယ့် ယုံကြည်ချက်တခုနဲ့အတူ ရှေ့ဆက်လျှောက်နေတဲ့ သူမဟာ အခုတော့ အားပေးတဲ့ ပရိသတ်တွေ၊ လေးစားအားကျတဲ့သူတွေ အများကြီး ပိုင်ဆိုင်နေပါပြီ။

Ref; sputniknews.com

Loading