မိန်းကလေးတယောက်ရဲ့ ကောင်းခြင်းအဖြာဖြာမှာ အသားရေကောင်းခြင်းကလည်း တချက် အပါအဝင်ပါ။ တယောက်နဲ့ တယောက် ဆုံတွေ့မှုတွေမှာ အရင်ဆုံးသတိထားမိတဲ့ မျက်နှာလေး လှနေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရတွေရအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။
အရေပြားဆရာဝန်တွေ ညွှန်ထားတဲ့ ပျိုမေ တယောက်ချင်းစီရဲ့ မျက်နှာ အသားရေပေါ် မူတည်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တွေ ရှိပါတယ်။
(၁) အမည်းစက်ရှိတဲ့ အသားရေပိုင်ရှင်
မိန်းကလေးတော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ မျက်နှာပေါ်မှာ ဘယ်သူမဆို အနည်းနဲ့ အများတော့ အမည်းစက်လေးတွေ ဖြစ်တတ်ပါတယ်။ ဒီအမည်းစက်တွေက သင့်မျက်နှာကို ရှိရင်းစွဲ အသက်ထက် ကြီးရင့်သယောင် ထင်စေပါတယ်။
အမည်းစက်တွေ ဖြစ်စေတဲ့အကြောင်းရင်းကတော့ ဗီတာမင်ဓာတ် ချို့ယွင်းလို့ပါ။ Antioxidants ပါတဲ့ အစားအသောက်တွေအပြင် အသားရေ ကြည်လင်စေတဲ့ ဗီတာမင် စီ၊ အသားရေ လှပစိုပြည်စေတဲ့ ဗီတာမင်အီးပါတဲ့ အစားအစာတွေကို ဖြည့်စွက်စားပေးသင့်ပါတယ်။ အသီးအနှံနဲ့ အရွက်တွေ၊ လူး၊ ဆပ်၊ ပြောင်း စတဲ့ ကစီဓာတ်အစားအစာတွေနဲ့ ဘယ်ရီးသီး များများစားပေးပါ။
(၂) အဆီပြန်တဲ့ အသားရေပိုင်ရှင်
ဒီပြဿနာကလည်း မိန်းကလေး ကြီးကြီးငယ်ငယ် အရွယ်စုံမှာ ဖြစ်တတ်ပါတယ်။ တခြား သူတွေထက် အလွယ်တကူ အဆီပြန်လွယ်ပြီး မိတ်ကပ်သားမခံကြလို့ စိတ်ညစ်ရပါတယ်။ အဆီပြန်သူတွေရဲ့ ကောင်းကွက်တချက်ကတော့ ပုံမှန်ထက် အရေးအကြောင်း အဖြစ် နည်းတာပါ။
အစားအသောက်ပုံစံပြောင်းလိုက်ရင် သက်သာသွားတတ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဗီတာမင် အေ ပါတဲ့ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ကြက်ဥအနှစ်၊ သရက်သီး များ များစားပြီး ကာဗွန်ဟိုက်ဒရိတ် များတဲ့ အဖြူရောင်ပေါင်မုန့်၊ ပါစတာခေါက်ဆွဲ တွေကို လျော့စားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
(၃) ဝက်ခြံထွက်တဲ့ အသားရေပိုင်ရှင်
ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံထွက်တတ်သလို အသက်ကြီးတဲ့အထိ မပျောက်တော့ဘဲ ထွက်နေဆဲဆိုရင် မျက်နှာအသားရေကို သေချာ ဂရုစိုက်သင့်နေပါပြီ။ အသားရေက နုနယ်တာကြောင့်လည်း ဖုန်မှုန့်၊ အညစ်အကြေးတွေကြောင့် ဝက်ခြံထွက်လွယ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ နှမ်းနက်၊ သစ်ကြားသီး၊ နှမ်းဆီ၊ ရေညှိခြောက်နဲ့ ပင်လယ်စာများများစား ပေးရင် သက်သာတယ်လို့ အရေပြားကျွမ်းကျင်သူတွေက အကြံပေးပါတယ်။
(၄) ခြောက်သွေ့တဲ့ အသားရေပိုင်ရှင်
အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေက ခြောက်သွေ့တဲ့အသားရေကို လိုချင်ကြပေမယ့် တကယ် ပိုင်ဆိုင်နေတဲ့ အသားရေ ပိုင်ရှင်တွေကတော့ မလိုချင်ကြပါဘူး။ အဆီဓာတ်ပါတာ ဘယ်လောက်ပဲ လိမ်းလိမ်း ခဏပဲခံပြီး ခြောက်သွေ့သွားလို့ ကြည့်လိုက်ရင် ခြောက်ကပ်ကပ်နဲ့ စိုစိုပြေပြေမရှိတာဟာ ဗီတာမင် အီး နဲ့ အဆီဓာတ် ချို့ ယွင်းလို့ ဖြစ်ရတာပါ။ ဒါကြောင့် ပဲနို့၊ ရေညှိ၊ ဥအမျိုးမျိုး၊ ထောပတ်သီး၊ အရွက်အသီးနဲ့ အစေ့အဆန်တွေ စားပေးပါ။
(၅) အရေအကြောင်းများတဲ့ အသားရေပိုင်ရှင်
ဒီပြဿနာကတော့ မိန်းကလေးတွေ့ရဲ့ အိပ်မက်ဆိုးကြီးပါ။ ဘယ်သူမဆို ပုံမှန်ထက် အရေးအကြောင်းဖြစ်တာကို မလိုချင်ကြပါဘူး။ ဒါကြောင့်လည်း ဈေးကွက်ထဲရှိတဲ့ Skin Care တွေကို ကြည့်လိုက်ရင် အရေးအကြောင်း သက်သာစေတဲ့ အမျိုးအစားတွေ များပါတယ်။ မျက်နှာ အသားရေမှာ အရေးအကြောင်းများနေတာဟာ သကြားဓာတ်၊ အရက်နဲ့ ရေဓာတ် ခန်းခြောက်ခြင်းက အဓိကတရားခံတွေပါ။ အစားအသောက်ပုံစံ ပြောင်းလိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။
(၆) မျက်ရည်အိတ်ဖောင်းတဲ့ အသားရေပိုင်ရှင်
မျက်လုံးအောက်မှာ အမြဲအစ်ဖောင်းနေတာမျိုးက မိန်းကလေးတယောက်အတွက် ဆွဲဆောင်မှု ကျစေပါတယ်။ များသောအားဖြင့် အိပ်ရေးမဝတာ၊ ဓာတ်မတည့်တာနဲ့ အစားအသောက်တွေကြောင့် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့် အချိုဓာတ် များတဲ့ အစားအစာ၊ အသင့်စား အစားအစာ၊ ဆီကြော်စာနဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်နဲ့သင့်တော်တဲ့ အစားအသောက်တွေကို သေချာရွေးစားပါ။
Ref: Better Me Tips