ခွေးတွေကို သတ်တာနဲ့ပတ်သက်ပြီး လူတွေအကြားအမြဲအငြင်းပွားတတ်ကြပါတယ်။ ထောက်ခံသူနဲ့ ဆန့်ကျင်သူ တွေကတော့ အမြဲရှိနေမှာပါ။
ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာ ခွေးသားစားသောက်ခြင်းက နာမည်ကြီးပါတယ်။ တိရစ္ဆာန်ချစ်သူတွေကတော့ ဒီလိုအရာမျိုးတွေကို ပြောင်းလဲဖို့နေ့စဉ်အမျှ ကြိုးစားနေရာကနေ သူတို့ဟာ မိသားစုတခုကိုပြောင်းလဲပေးနိုင်ခဲ့ပါပြီ။
Chom Mong လို့အမည်ရတဲ့သူဟာ ၄ လသားအရွယ်ခွေးလေးကို ဖက်ရင်းပျော်မြူးနေပါတယ်။ ခွေးလေးနာမည်က gigi ဖြစ်ပြီး သူ့သခင်အပေါ်ချစ်ခင်ပုံပါပဲ။ အံ့သြစရာကောင်းတာက Chom Mong ဟာ အရင်က ကမ္ဘောဒီးယားမှာ ခွေးအသား တွေရောင်းတဲ့ စားသောက်ဆိုင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ မိသားစုငွေရေးကြေးရေးအခက်အခဲနဲ့ သား၂ယောက် ကို ထောက်ပံ့ပေးဖို့အတွက် Chom Mong နဲ့ ဇနီးဖြစ်သူဟာ ခွေးအသားတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။
အချို့သောခွေးသားရောင်းသူတွေက ငွေကြေးပြေလည်တာကြောင့် Chom Mong ဟာဒီစီးပွားရေးကို စတင်ဖို့ အကြံရ ခဲ့တာပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ သူခံစားမိတာက ဒီလုပ်ငန်းဟာ သူ့အတွက် စိတ်ဖိစီးစေတယ်ဆိုတာပါပဲ။
“ကျနော် ခွေးသားတွေရောင်းခဲ့တယ်။ ဒါပေမယ့် ခံစားမိတာက ငါမှားတာတခုခုလုပ်မိပါလားဆိုတဲ့ ခံစားချက်ပါပဲ” လို့သူက ဆိုပါတယ်။ ဒါ့အပြင် ခွေးသားရောင်းတာက ငွေရလွယ်တယ်လို့ သူကဆိုပါတယ်။ သူဟာ ခွေးသားမရောင်းခင် က ဆောက်လုပ်ရေးလုပ်သား၊ စားဖိုမှူးစတဲ့အလုပ်တွေနဲ့ အသက်မွေးခဲ့တာဖြစ်ပါတယ်။
တစ်နေ့မှာတော့ Animal Hope and Wellness Foundation က Marc Cing ရဲ့အကူအညီနဲ့ သူတို့လင်မယားဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ကြပါတယ်။ အဲ့ဒါကတော့ ငွေရလွယ်နေတဲ့ ဒီလုပ်ငန်းကို စွန့်လွှတ်ပြီး သက်သတ်လွတ် စားသောက်ဆိုင် ပြောင်းဖွင့်ဖို့ပါ။
“စစချင်းတုန်းကတော့ ရုန်းကန်ရတာပေ့ါဗျာ။ ငွေအရမ်းမြတ်တဲ့အလုပ်ကနေ ပြောင်းရတာဆိုတော့ အခက်အခဲတွေရှိတာပေါ့။ ဒါပေမဲ့ အခုအလုပ်က စိတ်ချမ်းသာပြီး ဘာကအရေးကြီးသလဲဆိုတာ ပိုသိလာစေတယ်”လို့ သူက ဆိုပါတယ်။
ခွေးသားစားခြင်းက တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်တွေမှာ လူကြိုက်များလှပါတယ်။ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာလည်း ခွေးသားနဲ့ ကြောင်သားတွေကို တရားဝင်စားသုံးခွင့်ပြုထားတာပဲဖြစ်ပါတယ်။
Chom Mong ရဲ့ လုပ်ရပ်အပေါ် အားပေးတဲ့သူတွေရှိသလို ရှုံ့ချတဲ့သူတွေလည်း ရှိနေဦးမှာဖြစ်ပေမယ့် Chom Mong တယောက်ကတော့ စိတ်ချမ်းသာမှုကို ရှာတွေ့သွားပြီဖြစ်ပါတယ်။
www.scmp.com