ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဟာ ကမ္ဘာလှည့်ခရီးသွား အများဆုံး လည်ပတ်ရာနေရာအဖြစ် Mastercard ရဲ့ Global Destinations Cities Index စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ဘန်ကောက်ကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွား သန်း ၂၀ ကျော် ရှိတယ်လို့ သိရပြီး ၂၀၁၈ ခုနှစ်မှာတော့ ၉ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဘန်ကောက်ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအများစုက အနည်းဆုံး ၄ ညအိပ် ၅ ရက် ခရီးလောက် လည်ပတ်ကြပြီး တနေ့ကို ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁၇၃ ဒေါ်လာ သုံးစွဲကြတယ်လို့ Mastercard ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
စစ်တမ်းမှာ ပဲရစ်၊ စင်ကာပူ၊ ဆိုးလ်မြို့တို့ထက် စရိတ်သက်သာတာကြောင့် ဘန်ကောက်ကို လာလည်ပတ်ကြတာလို့ ဆိုပါတယ်။ နိုင်ငံပေါင်း ၁၆၂ နိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည် အရေအတွက်၊ တနေ့တာ သုံးစွဲစရိတ်ပေါ်မူတည်ပြီး ၂၀၁၇ ခုနှစ် တနှစ်လုံးစာ လေ့လာခဲ့ကြတာပါ။
အစမှာ ခရီးသွားတယောက် နေထိုင်တဲ့ရက်ရယ်၊ သုံးစွဲတဲ့ငွေပမာဏကို တွက်ချက်ခဲ့ကြပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီလေ့လာ သုံးသပ်ချက်တွေကလည်း နောက်နှစ် ခရီးသွားရာသီမှာ လာရောက်ကြမယ့် ခရီးသွား အရေအတွက်ကိုပါ ခန့်မှန်းနိုင်အောင် ထောက်ပံ့ပေးပါတယ်။
လန်ဒန်မြို့ကတော့ ဒုတိယနေရာမှာရှိပြီး သူ့နောက်မှာတော့ ပဲရစ်၊ ဒူဘိုင်းနဲ့ စင်ကာပူတို့ အသီးသီး ရပ်တည်နေပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသွားများ သုံးစွဲခဲ့တဲ့ ငွေပမာဏ စုစုပေါင်းကို လေ့လာရာမှာတော့ ဘန်ကောက်က အဆင့် ၅ နေရာမှာရှိပြီး ကန်ဒေါ်လာ ၁၆ ဒဿမ ၃ ဘီလီယံ ဝင်ငွေရခဲ့ပါတယ်။
ဒီဝင်ငွေပမာဏအတိုင်းဆို ၂၀၁၈ ခုနှစ်မှာ ခရီးသွားအရေအတွက် ၁၃ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဘန်ကောက်အပြင် နာမည်ကျော် ကမ်းခြေတခုဖြစ်တဲ့ ဖူးခက်ကမ်းခြေကို လာရောက်ကြတဲ့ ခရီးသွားတွေဆီကနေ ကန်ဒေါ်လာ ၁၀ ဒဿမ ၄ ဘီလီယံ ဝင်ငွေရခဲ့ပြီး အဆင့် ၁၀ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း ခရီးသွားအရေအတွက် ၁၂ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဖူးခက်ကမ်းခြေဟာ ခရီးသွာများ သုံးစွဲမှုပမာဏ အများဆုံး Mastercard ရဲ့ စစ်တမ်းမှာ ပထမဆုံးအကြိမ် အဆင့် ၁၀ အတွင်း မြို့ကြီး မဟုတ်ဘဲ အပန်းဖြေနေရာတခုအဖြစ် အဆင့် ဝင်လာတာလည်း ဖြစ်ပါတယ်။
Thai PBS တွင် ရေးသားဖော်ပြထားသော Bangkok top destination in the world last year: Mastercard’s Index သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Ref: Thai PBS World