အလှအပကြိုက်တဲ့ ပျိုမေတွေ အများစုဟာ လွယ်ကူသက်သာတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေကို စိတ်ဝင်တစား လိုက်လံပြုလုပ်တတ်ကြပြီး တချို့သော အလှအပဆိုင်ရာ နည်းလမ်းတွေကတော့ စမ်းသပ်ပြုလုပ်ကြည့်ရင် အသားအရေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် သတိထားမိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) သစ်ကြံပိုးခေါက်ကို အသုံးပြုပြီး မျက်နှာပေါင်းတင်ခြင်းဟာ ဝက်ခြံတွေကို သက်သာစေနိုင်တယ် ဆိုပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့တော့ လုံးဝ မစမ်းသပ်ကြည့်သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင်တော့ သစ်ကြံပိုးခေါက်ဟာ မျက်နှာအသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်ရာကနေ လောင်သွားတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ယုံကြည် စိတ်ချရလောက်တဲ့ အလှအပ နည်းလမ်းတခုတော့ မဟုတ်ပါဘူး။
(၂) မျက်နှာအသားအရေပေါ်က ဝက်ခြံတွေကို သွားတိုက်ဆေး လိမ်းကျံခြင်းအားဖြင့် ပျောက်ကင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းဟာ အလှအပ ချစ်သူတွေကြား ရေပန်းစားလှတဲ့ နည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။ သွားတိုက်ဆေးမှာ Peppermint, peroxide နဲ့ alcohol အစရှိတဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်တာကြောင့် မျက်နှာအသားအရေကို နီမြန်းရောင်ရမ်းစေကာ ခြောက်သွေ့ပျက်စီးစေနိုင်တာကြောင့် စမ်းသပ်ပြုလုပ်ကြည့်ဖို့ မသင့်တော်ပါဘူး။
(၃) ပေါ်ပြူလာအဖြစ်ဆုံး အလှအပဆိုင်ရာ နည်းလမ်းတခုဖြစ်တဲ့ သံပုရာသီးကို မျက်နှာ အသားအရေ တောက်ပစေဖို့နဲ့ ဝက်ခြံတွေ ကင်းစင်စေဖို့ အသုံးပြုတဲ့ နည်းလမ်းဟာဆိုရင်တော့ အခန့်မသင့်ရင် အသားအရေကို မညီမညာဖြစ်စေပြီး နီမြန်းရောင်ရမ်းတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
(၄) မျက်တောင်မွှေးတွေ သန်စွမ်းရှည်လျားလာစေဖို့အတွက် ပျားဖယောင်း ဂျယ်လ်တွေကို အသုံးပြုတဲ့ အလှအပဆိုင်ရာ နည်းလမ်းဟာဆိုရင်တော့ မျက်လုံးအောက်မှာ အရည်ကြည်ဖုလေးတွေကို ဖြစ်ပေါ်လာစေနိုင်ပြီး မျက်လုံးတဝိုက် ယားယံ နီမြန်းလာတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် စမ်းသပ်ပြုလုပ်ဖို့ မသင့်တော်ပါဘူး။
Ref: www.sidetrend.com