E-commerce ကုမ္ပဏီကြီးတခုဖြစ်တဲ့ Amazon ဟာ US ဝန်ထမ်းအားလုံးအတွက် အနည်းဆုံး လုပ်ခလစာကို ၁ နာရီ ၁၅ ဒေါ်လာအဖြစ် တိုးမြှင့်ပေးလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ယခု လစာတိုးမြှင့်မှုကို Amazon ရဲ့ အမြဲတမ်း၊ အချိန်ပြည့်နဲ့ ယာယီဝန်ထမ်းအားလုံး ခံစားခွင့်ရှိပြီး၊ နိုဝင်ဘာလ ၁ ရက်နေ့ကနေ စတင်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို အနည်းဆုံး လုပ်ခလစာနှုန်း တိုးမြှင့်ပေးလိုက်တာဟာ Amazon ဝန်ထမ်းပေါင်း ၂၅၀,၀၀၀ ကျော်အပြင်၊ ယာယီဝန်ထမ်းပေါင်း ၁၀၀,၀၀၀ လောက်အတွက်ပါ ကောင်းကျိုး ဖြစ်စေမယ်လို့ Amazon က ပြောကြားခဲ့ပါတယ်။
လစာတိုးတဲ့အထဲမှာ Amazon ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ Whole Foods နဲ့ Zappos က ဝန်ထမ်းတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ လစာတိုးလိုက်တဲ့အတွက် ကုမ္ပဏီ စတော့ရှယ်ယာ ပြန်ရောင်းပေးတဲ့ Stock-based compensation ခံစားခွင့်ကို ဖြုတ်လိုက်ပေမယ့်၊ ပင်စင်အတွက် 401k Plan နဲ့ ကျန်းမာရေး ခံစားခွင့်တွေကတော့ ပြောင်းလဲမှု မရှိ ဆက်လက် ခံစားနိုင်မှာ ဖြစ်ပါတယ်။
Amazon တည်ထောင်သူနဲ့ CEO ဖြစ်သူ Jeff Bezos က ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ တခြား ကုမ္ပဏီကြီးတွေကိုလည်း Amazon နဲ့အတူ ပြောင်းလဲလုပ်ဆောင်ဖို့ တိုက်တွန်း ထားပါတယ်။
Amazon ရဲ့ လူထုအကျိုးပြုအဖွဲ့ကလည်း ၂၀၀၉ ခုနှစ်ကတည်းက တနာရီ ၇.၂၅ ဒေါ်လာကနေ ထပ်တိုးလာခြင်း မရှိတဲ့ အစိုးရသတ်မှတ် အနည်းဆုံး လုပ်ခလစာ နှုန်းထားကို တိုးမြှင့်ပေးဖို့အတွက် စည်းရုံးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဘယ်လောက် နှုန်းထားက သင့်တော်မလဲဆိုတာကိုတော့ လွှတ်တော်နဲ့ ကျွမ်းကျင်သူတွေ ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ နှုန်းထားကတော့ ၁၅ ဒေါ်လာပါ” လို့ ကုမ္ပဏီရဲ့ Worldwide Opeations က အမှုဆောင်ဒါရိုက်တာဖြစ်သူ Dave Clark က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Amazon ဟာ အခုလို အနည်းဆုံးလုပ်ခလစာနှုန်းထားတွေ တိုးမြှင့်ပေးခဲ့မယ်၊ ကုမ္ပဏီရဲ့ ဝန်ထမ်းဆက်ဆံပုံတွေကတော့ မကြာခဏ ဝေဖန်မှု ခံခဲ့ရပါတယ်။
UK က Amazon ဂိုဒေါင်ရုံအလုပ်သမားတွေဟာ အလုပ်ချိန်လေလွင့်မှု မဖြစ်အောင် ပုလင်းတွေထဲမှာ ဆီးသွားခဲ့ရပြီး၊ တချို့ဆို သွားလာစရိတ်ချွေတာဖို့အတွက် ကုမ္ပဏီ ဂိုဒေါင်နားမှာ ရွက်ဖျင်တဲထိုးပြီး နေခဲ့ရကြောင်း သတင်းတွေ ထွက်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
ဒီလို ဆိုးရွားတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် ယခုနှစ်အစောပိုင်းတုန်းက Amazon ဝန်ထမ်းတွေဟာ Prime Day မှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါသေးတယ်။
UK မှာတော့ Amazon ဟာ London အတွင်းမှာ လုပ်အားခကို အနည်းဆုံး တနာရီ ၁၀.၅၀ ပေါင်အဖြစ် တိုးမြှင့်ပေးခဲ့ပြီး၊ လန်ဒန်ပြင်ပက ဝန်ထမ်းတွေအတွက် တနာရီ ၉.၅၀ ပေါင် တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
Ref: Engadget, CNN