လူမှုပတ်ဝန်းကျင်မှာ “တဦးနဲ့ တဦး အပြန်အလှန် လေးစားတယ်” ဆိုတာဟာ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပြီး လူမှုဆက်ဆံရေး နယ်ပယ်မှာ ရေရှည် အနေနဲ့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ဖြစ်ထွန်းစေပါတယ်။
လုပ်ငန်းခွင်နယ်ပယ်မှာ “သင့်လုပ်ငန်းမှာ ဘယ်အရာက အရေးကြီးဆုံးလဲ”လို့ မေးရင် အများစုက “ငွေကြေး”လို့ ပြောကြမှာပဲဖြစ်ပြီး အမှန်တကယ် အရေးကြီးဆုံးကတော့ လုပ်ငန်းခွင်အတွင်း လူတဦးနဲ့ တဦး “အပြန်အလှန် လေးစားမှု”ပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တဦးအနေနဲ့ ကိုယ့်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်တွေကို မလေးစားရင် ဝန်ထမ်းတွေ အနေနဲ့လည်း တာဝန်ကျေလောက်သာ ပြုလုပ်ပေးမှာ ဖြစ်တာကြောင့် လုပ်ငန်းခွင် တိုးတက်မှုတွေကို နှောင့်နှေးစေမှာပါ။
စစ်တမ်းကောက်ယူချက်တွေအရဆိုရင်တော့ လုပ်ငန်းခွင်တိုးတက်မှု နှောင့်နှေး ဆုတ်ယုတ်စေတဲ့ အချက်တွေထဲမှာ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကြား အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှု မရှိခြင်းဟာ ၉၀ ရာခိုင်နှုန်းခန့်ကြောင့်လို့ ဆိုပါတယ်။
ဒီအချက်ကို ကြည့်ရှုခြင်းအားဖြင့် တဦးနဲ့တဦးအပြန်အလှန် လေးစားမှုဟာ လုပ်ငန်းခွင် နယ်ပယ်မှာသာ မကဘဲ လူမှုဆက်ဆံရေး နယ်ပယ်တိုင်းမှာ အရေးကြီးတယ်ဆိုတာကို တွေ့မြင်နိုင်မှာပါ။
“အပြန်အလှန် လေးစားမှု”ဆိုတဲ့ ကိစ္စဟာ ပြောရလွယ်သလောက် လူတိုင်း အနေနဲ့ ပြုလုပ်ကြတာ နည်းပါးပြီး အပြန်အလှန် လေးစားမှုရဲ့ အဓိက ကောင်းကျိုး အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အကြောင်းကိစ္စတခုကို ဆွေးနွေး တင်ပြကြတဲ့အခါ တဦးပြောတာကို တဦးက သေချာစွာ နားထောင်ပြီးမှ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းဟာ ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းတွေကို ရရှိစေနိုင်သလို တဦးနဲ့တဦး ယုံကြည်မှုတွေပါ ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။
(၂) တယောက်နဲ့ တယောက် မိမိသိထားသမျှကို ပြန်လည်မျှဝေ ပေးခြင်းဟာလည်း အပြန်အလှန် လေးစားရာ ရောက်ပြီး လုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေကို ပိုမိုတိုးတက်စေမှာ ဖြစ်ပါတယ်။
(၃) မိမိဟာ အထက်လူကြီးတယောက် ဖြစ်နေပေမယ့် မိမိ လက်အောက်ငယ်သားဆီက ပြန်လည် သင်ယူရမယ့် ကိစ္စရပ်မျိုးတွေ ရှိတဲ့အခါ ချီးကျူးစကားပြောပြီး သင်ယူနားလည်ခြင်းဟာလည်း ရေရှည်မှာ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်။
(၄) ကိစ္စရပ်တခုကို ဆွေးနွေးတိုင်ပင်ကြတဲ့အခါ တယောက်ရဲ့ အကြံဉာဏ်ကို ကောင်းမွန်စွာ သဘောပေါက် လုပ်ဆောင်ခြင်းဟာဆိုရင်လည်း အပြန်အလှန်လေးစားမှုကို ဖော်ပြရာ ရောက်တဲ့အပြင် ယုံကြည်မှု ခိုင်မြဲတဲ့ ဆက်ဆံရေးတခုကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
သင့်ကို အလုပ်ပြုတ်သွားစေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များ
လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် ဘယ်လိုနေသင့်သလဲ
Ref: cpmonesource.com