မကြာခင် ကျရောက်လာတော့မယ့် ဆောင်းရာသီမှာ ဝတ်ဆင်ဖို့အတွက် ဒီဇိုင်းအဆန်းတခုကို Giorgio Armani က ဖန်တီးလိုက်ပါပြီ။ Denim အသားတွေကို အရင်က အကြမ်းခံတဲ့ နေရာမျိုးမှာ ပေ့ါပေ့ါပါးပါး ဝတ်ဆင်ဖို့ သိထားကြပေမယ့် အခုထွက်လာတဲ့ ဒီဇိုင်းအရ ဇိမ်ခံ တန်ဖိုးကြီးအထည် အဖြစ် ထင်မြင်မိစေပါတယ်။
ဒီ တန်ဖိုးကြီး Denim ဒီဇိုင်းကို ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Armani ရဲ့ “အမွေအနှစ်၊ ခေတ်ပေါ်ဒီဇိုင်း” လို့ သတ်မှတ်ထားကြပါတယ်။
“Tailored Style” လို့ သိကြတဲ့ အပေါ်ကုတ်၊ အောက်က စတိုင်ပန့်ပုံစံ ဘောင်းဘီရှည်မျိုးကို Denim အသားနဲ့ ဖန်တီးထားပါတယ်။ အပြစ် အနာအဆာကင်းတဲ့ ချုပ်ရိုးချုပ်သားနဲ့အတူ ဖက်ရှင် အဆင့်တခု ပြည့်မီအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခုလို ဈေးကြီး Denim ဒီဇိုင်းကို ထသွား ထလာကစပြီး ဘယ်လို အခမ်းအနားအတွက် မဆို ဆန်းသစ်ပြီး အဆင့်အတန်းမီမီ ကျော့မော့စွာ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
နေ့ဘက် ထသွားထလာအတွက် ဖြစ်ဖြစ် ညဘက် သွားလာတာမျိုးပဲဖြစ်ဖြစ် ဒီ Denim ဒီဇိုင်းကို ခပ်မိုက်မိုက် ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အောက်ခံအဝတ် အနက်က ဝတ်ဆင်ထားတဲ့ အမျိုးသားတွေအတွက် ကျစ်လစ်တဲ့ ကိုယ်ခန္ဓာအသွင်ကို ဖန်တီးပေးမှာဖြစ်ပြီး အပေါ်က ကုတ်ကို နူးညံ့တဲ့ သိုးမွှေးထည်အသားနဲ့ Denim ပေါင်းစပ်ထားပါတယ်။
ညဘက် အပြင်ထွက်မယ် ဆိုရင် ကတ္တီပါခြုံလွှာကို ပခုံးမှာ လွှားထားရုံနဲ့ လူကြီးလူကောင်း အသွင်ကို ရရှိစေမှာပါ။ အမျိုးသမီးတွေအတွက် ကြော့ရှင်းတဲ့အသွင်ကို ရစေဖို့ ပခုံးအနားတွေကို သေသပ်ကျနာစွာ ချုပ်လုပ်ထားတဲ့ Denim ဒီဇိုင်းကလည်း တွေ့နေကျ ဒီဇိုင်းနဲ့ မတူဘဲ ကွဲထွက်နေမှာပါ။
လည်ထောင် ကော်လံအကြီးကြီးနဲ့အတူ အင်္ကျီလိုင်းတွေက ခါးပတ်ပြားပုံစံရှိပြီး ကြယ်သီး အကြီးကြီးတွေက သင့်ကို တို့ထိစေချင်စိတ် ဖြစ်ပေါ်စေပါလိမ့်မယ်။ ကဲ Giorgio Armani ရဲ့ Denim အပေါ် ဆန်းသစ်မှုက တကယ်ပဲ ဆောင်းရာသီမှာ ခေတ်စားလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဆက်စပ် သတင်းလင့်ခ် – ဂျင်း (Jeans) ထည်တွေကို ဘယ်လို ထိန်းသိမ်းကြမလဲ
Ref ; www.scmp.com