EQ ကောင်းတဲ့သူတွေလုပ်လေ့ရှိတဲ့ အမူအကျင့် ၁၀ ခု
လူတွေမျိုးစုံနဲ့ ဆက်ဆံနေရတဲ့ပတ်ဝန်းကျင်မှာ Emotional Quotient လို့ခေါ်တဲ့ စိတ်ခံစားမှုကိုထိန်းချုပ်နိုင်စွမ်းက အရေးကြီးလို့လာပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့တပြိုင်နက် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတဲ့အခြေအနေမျိုးကို ကြုံလာရတဲ့အခါ EQ ကောင်းတဲ့သူတွေက တပန်းသာပြီး လူတွေကြားမှာ ပိုလို့ပျော်ရွှင်စွာနေနိုင်လာပါတယ်။
လုပ်ငန်းခွင်က HR သမားတွေ၊ မန်နေဂျာတွေအတွက်ကလည်း EQ ကောင်းဖို့က ပိုပြီးအရေးကြီးလာပါတယ်။ ဒါဆိုရင် EQ ကောင်းတဲ့သူတွေက ဘယ်လိုအချက်တွေရှိသလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
(၁) ခံစားချက်တွေကို တွေးတောတယ်
သင်ဟာ ကိုယ်တိုင်ခံစားချက်ရော တဖက်သားရဲ့ခံစားချက်ကိုပါ တွေးတောပေးတတ်ပါတယ်။ သင့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို တွေးတောပြီး လက်ရှိဖြစ်နေတဲ့ခံစားချက်က သင့်ရဲ့လုပ်ငန်းဆောင်တာအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာ တွေးတောတာမျိုးပေါ့။
(၂) ရပ်တန့်တယ်
EQ ကောင်းတဲ့သူတွေက စကားမပြောခင်၊ တခုခုမလုပ်ခင် အရင်အချိန်ခဏယူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောင်တရစေမယ့်ကိစ္စမျိုး မကျူးလွန်မိတော့ဘူးပေ့ါ။
(၃) ခံစားချက်ကို ထိန်းချုပ်တယ်
ခံစားချက်ကို ထိန်းချုပ်လို့မရပေမယ့် ခံစားချက်ကြောင့်ဖြစ်လာမယ့် အပြုအမူတွေကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ အတွေးတွေကို ထိန်းချုပ်ခြင်းအားဖြင့် စိတ်ခံစားချက်ရဲ့သားကောင်မဖြစ်သွားစေဘဲ ရည်မှန်းချက်ကို ဖြစ်မြောက်စေပါတယ်။
(၄) ဝေဖန်မှုတွေကိုလက်ခံတယ်
ဘယ်သူကမှတော့ ကိုယ့်ကိုမကောင်းပြောတာကို လိုချင်မှာမဟုတ်ပါဘူး။ EQ မြင့်တဲ့သူတွေက ဒီလိုမကောင်းပြောတာ မျိုးတွေကို ပြန်စဉ်းစားပြီး ပိုကောင်းတဲ့တာမျိုးဖြစ်အောင်လုပ်ဖို့ အကြံရကြပါတယ်။
(၅) မျှဝေခံစားတယ်
ကိုယ်ထင်ထားတဲ့အမှန်တရား၊ စဉ်းစားမှုတွေကို လူအများရှေ့မှာ အကျိုးအကြောင်းနဲ့ ပြောပြသလို သူတပါးရဲ့ ခံစားချက်ကို အလေးအနက်ထားပါတယ်။ ဝေဖန်ခြင်း၊ ကဲ့ရဲ့ရှုံ့ချခြင်း မပြုလုပ်ဘဲ တဖက်သားပြောတာကို လေးလေးနက်နက်တွေးပေးတာမျိုးပေါ့။
၆) ချီးမြှောက်တယ်
တဖက်သားကို ချီးမြှောက်ပေးရတာကို စိတ်သဘောထားပြည့်ဝတဲ့သူအချို့သာလုပ်နိုင်ကြပါတယ်။ ကိုယ်တိုင်က ချီးကျူးခံချင်ပေမယ့် သူများကို ဂုဏ်ပြုရတာမျိုးကို ဝန်လေးတဲ့သူတွေဟာ စိတ်ဓာတ်ချို့တဲ့သူတွေသာဖြစ်ပါတယ်။
(၇) တောင်းပန်တယ်
တောင်းပန်ခြင်းဟာ သင်မှားတာကိုဝန်ခံခြင်းမျိုး မဟုတ်ပါဘူး။ တချို့နေရာတွေမှာ တောင်းပန်လိုက်ခြင်းအားဖြင့် သင့်ရဲ့အတ္တထက်သင်တို့ဆက်ဆံရေးကို ပိုတန်ဖိုးထားကြောင်းပြနေပါတယ်။
(၈) ခွင့်လွှတ်တယ်၊ မေ့ဖျောက်တယ်
ခွင့်မလွှတ်နိုင်တဲ့သူတွေဟာ မေ့လို့မရသလို အတိတ်ဆိုးကနေ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်က ခွင့်လွှတ်နိုင်ပြီ ဆိုရင်တော့ ရှေ့ဆက်လျှောက်ဖို့အသင့်ဖြစ်နေပါပြီ။
(၉) ကူညီတယ်
ဖော်ရွေတဲ့သူ၊ ကူညီတတ်တဲ့သူမျိုးကို လူတိုင်းက သဘောကျကြပါတယ်။ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ကူညီပေးခြင်းအားဖြင့် လူတိုင်းရဲ့ ခင်မင်မှုနဲ့အတူ လေးစားအားကျမှုကို ရရှိမှာပါ။
(၁၀) စိတ်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကနေ ကာကွယ်နိုင်တယ်
EQ ကောင်းတဲ့သူတွေမှာလည်း ဆိုးတဲ့အချက်ရှိပါတယ်။ ဥပမာ- လုပ်ငန်းခွင်က HR တယောက်ဟာ တဖက်သားကို နားလည်တဲ့အခါ သူဘာဖြစ်ချင်တယ်ဆိုတာကိုသိပြီး ကြိုးဆွဲရာကခိုင်းတာမျိုးပေ့ါ။ သင်ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေရှိနေရင်တော့တဖက်သားက သင့်ခံစားချက်ကို ကြည့်ပြီး အမြတ်ထုတ်တာမျိုးကို ရှောင်ရှားနိုင်မှာပါ။
www.inc.com/justin-bariso