Instagram မှာ ရေပန်းစားနေတဲ့ Falling Star Challenge ဆိုတာကတော့ ဆိုရှယ်ဂိမ်းကစားနည်း တမျိုးပဲဖြစ်ပြီး ပြုလုပ်ရတဲ့ပုံစံကတော့ တနေရာရာကနေ မှောက်လျက် ချော်လဲကျတဲ့ ပုံစံမျိုး ပြုလုပ်ကြတာ ဖြစ်ပါတယ်။
မိမိပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံးပစ္စည်းတွေကို ဘေးမှာဖြန့်ကျဲကာ တကယ်ချော်လဲတဲ့ပုံစံမျိုးနဲ့ တူနိုင်သမျှ တူအောင် ပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။ တခြားသော Online Challenge တွေလိုပဲ ပထမ ပုံရိုက်တင်တဲ့သူက နောက်ထပ် တယောက်ကို Challenge ခေါ်ကာ အဆင့်ဆင့် Challenge ခေါ် ကစားကြတဲ့ ဆိုရှယ်ဂိမ်းတမျိုးပဲ ဖြစ်ပါတယ်။
ဆိုရှယ်ဂိမ်းတမျိုး ဖြစ်တဲ့ Falling Star Challenge ရဲ့ မူလအစကတော့ Instagram အသုံးပြုသူ Ramos Catherine ဆိုတဲ့ အမျိုးသမီး တဦးကနေ သြဂုတ်လ ၈ ရက်နေ့မှာ သူမပိုင်တဲ့ ဂျက်လေယာဉ်ကနေ မှောက်လျက် ပြုတ်ကျနေဟန် ဓာတ်ပုံရိုက်ကာ Challenge စတင် ပြုလုပ်ခဲ့ပါတယ်။
သူမရဲ့ ဒီ Challenge Post ဟာဆိုရင် တခဏအတွင်းမှာပဲ Like ပေါင်း ၄၀၀၀ ကျော် ရရှိကာ Instagram အသုံးပြုသူတွေကြား ပျံ့နှံ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ သိပ်မကြာတဲ့ ရက်တွေ အတွင်းမှာပဲ ဒီ Challenge ဟာ ရုရှားက ကျိကျိတက် ကြွယ်ဝချမ်းသာသူတွေကြား ထပ်မံ ပျံ့နှံ့သွားခဲ့ပြီး Instagram မှာ ပိုမို ရေပန်းစားလာပါတယ်။
မိမိပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံးဆိုတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အပါအဝင် လေယာဉ်၊ သဘောၤ၊ ကား အစရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေနဲ့ပါ Challenge ကို တွင်တွင်ကျယ်ကျယ် ပြုလုပ် လာကြတာကိုလည်း ပုံတွေမှာ တွေ့မြင်ကြရမှာပါ။
ဒီ Falling Star Challenge ဟာ ဆိုရင် ရုရှားရဲ့ ကျိကျိတက် ချမ်းသာသူတွေကနေတဆင့် မလေးရှားနိုင်ငံထိပါ ပျံ့နှံ့သွားခဲ့ပြီး မလေးရှားမှာတော့ ဒီ Challenge ကို နှိမ့်ချတဲ့အနေနဲ့ တန်ဖိုးနည်းပစ္စည်းတွေကို အသုံးပြုကာ Challenge ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပေါ်ပြူလာအဖြစ်ဆုံးတခုကတော့ မလေးရှားနိုင်ငံက Instagram အသုံးပြုသူ Nazrulasmi ဟာ လုပ်ငန်းခွင်ထဲက ဝန်ပင့်ယာဉ်ပေါ်ကနေ ပြုတ်ကျနေတဲ့ပုံစံနဲ့ ဒီ Challenge ကို ဟာသ ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ထပ် ပေါ်ပြူလာ အဖြစ်ဆုံးကတော့ ကလေးငယ် တဦးဟာ သူ့ရဲ့ကစားစရာ အရုပ်ကားပေါ်ကနေပြုတ်ကျနေပြီး ဘေးမှာလည်း ကစားစရာတွေ ပြန့်ကျဲနေတဲ့ ပုံစံနဲ့ challenge ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref ; knowyourmeme.com