ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆံပင်ပျော့ဆေးအများစုဟာ ဆံသားတွေကို ပျော့ပျောင်းစေနိုင်တာ မှန်ပေမယ့် ဆံသားအမျိုးအစားအားလုံးနဲ့တော့ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဦးရေပြားယားယံတာ၊ ဦးရေပြားအဆီပြန်တာနဲ့ ဗောက်ထတာမျိုးတွေ ဖြစ်တတ်တဲ့ ဆံသားပိုင်ရှင်တွေအနေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆံပင်ပျော့ဆေးတွေ အသုံးပြုတဲ့အခါ ဆံသားအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆံပင်ပျော့ဆေးတွေကတော့ ဆံသားအမျိုးအစားအားလုံးနဲ့ သင့်တော်တာကြောင့် အလှအပချစ်သူ ပျိုမေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ကြက်ဥတလုံး၊ သံပုရာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းဝက်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တဇွန်းခန့်တို့ကို ရောစပ်ပြီး ဆံပင်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ဆံသားကို အားဖြည့်ပေးနိုင်ပြီး သံပုရာနဲ့ ပျားရည်တို့ကတော့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးကာ ဆံသားကို ပျော့ပျောင်းစေနိုင်ပါတယ်။
(၂) ငှက်ပျောသီးမှည့်တလုံး၊ ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ကြက်ဥတလုံး တို့ကို ရောစပ်ထားတဲ့ သဘာဝဆံပင်ပျော့ဆေးဟာ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေနိုင်ပြီး ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ပျော့ပျောင်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်မှာပါ။
(၃) အုန်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာရည်လက်ဖက်ရည်ဇွန်းတဇွန်းတို့နဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်တို့ကို ရောစပ်ပြီး ဆံသားအနှံလိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးမှ ပြန်လည် ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်အရှည်မြန်စေသလို ဓာတုပစ္စည်းတွေ ပါဝင်ခြင်း မရှိတာကြောင့်လည်း ဆံသားတွေကို ထူထဲ ပျော့ပျောင်းလာစေမှာပါ။
(၄) ပန်းသီးရှာလကာရည်ကို သဘာဝဆံပင်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပြီး ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ရေ ၂ ခွက်နဲ့ ပျားရည်အနည်းငယ်တို့ကို ရောစပ်ကာ ဆံသားတွေပေါ်လိမ်းကျံပေးပြီးမှ ခေါင်းလျှော်ခြင်းအားဖြင့် ဆံသားကြမ်းတမ်းခြင်းကို သိသိသာသာ လျော့ပါးသက်သာစေပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဓာတုပစ္စည်းတွေ မသုံးဘဲ သဘာဝပစ္စည်းတွေနဲ့ ဆံပင်အရောင် ဆိုးကြမယ်
ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းအတွက် လွယ်ကူရိုးရှင်းတဲ့ သဘာဝနည်းလမ်းများ
ဆံသားတွေကို သဘာဝအတိုင်း ဖြောင့်စင်းနေစေမယ့် နည်းလမ်း ၅ ခု
Ref. food.ndtv.com