ဆံပင်အရောင်ဆိုးမယ်လို့ စဉ်းစားလိုက်တာနဲ့ ရွေရောင်၊ အနီရောင်၊ အညိုရောင်၊ အဝါရောင်စတဲ့အရောင်တွေထဲကနေ ရုန်းထွက်မရ ဖြစ်နေပြီလား။ ဒါဆိုရင် သင့်ကို မြင်နေကျစတိုင် မဟုတ်ဘဲ အမြင်ဆန်းသွားစေမယ့် ပန်းရောင်ကို ဆိုးကြည့်နိုင်ပါတယ်။
ပန်းရောင်ကို နည်းလမ်းအမျိုးမျိုးနဲ့ ဆိုးကြည့်ပြီး သင်နဲ့ လိုက်ဖက်တဲ့ပုံစံ ဖန်တီးနိုင်မယ့်အကြောင်းကို အောက်မှာ ဖော်ပြပေးသွားပါမယ်။
(၁) Bird of Paradise
အဆိုတော် Rita Ora မှာ တွေ့ရတဲ့ ပုံစံမျိုးပါ။ ကောင်းကင်ဘုံက အရောင်စုံ ငှက်တကောင်အသွင် ဖော်ပြပေးနိုင်တဲ့ ဒီဇိုင်းမျိုးပေ့ါ။ ဆံပင်အဖျားတွေကို အမည်းရောင်ဆိုးထားပြီး အနီ၊ ပန်းရောင်၊ ပန်းခရမ်းရောင်၊ ခရမ်းစတဲ့ အရောင်စုံတွေနဲ့ အလှဆင်ထားတဲ့ပုံက အရောင်စုံ ကြက်တူရွေးတကောင်ကို ကြည့်နေရသလိုပါပဲ။
(၂) Dusty Root
ဆံပင်အရင်းကို ပန်းရောင်ပုံစံ ဆိုးထားပြီး အဖျားကို ဖြူဖျော့နေအောင် Bleach လုပ်ထားတဲ့ ဆံပင်စတိုင်မျိုးပါ။ အသားဖြူတဲ့သူတွေနဲ့ လိုက်ဖက်ပြီး တွေ့နေကျ ရုပ်ကနေ ကွဲထွက်သွားနိုင်ပါတယ်။ ဒီလိုအရောင်မျိုးဆိုးမယ်ဆိုရင် နည်းနည်းတော့ စွန့်စားရပါမယ်။
(၃) Pink Ombre
တွေ့နေကျ ပုံစံလေးကိုပဲ ပိုလှချင်တယ်ဆိုရင်တော့ ဒီပုံစံမျိုးစမ်းကြည့်ပါ။ အဖျားက ဆံပင်အကောက်တွေကိုမှ ပန်းရောင် ဆိုးထားတာက အမြင်မရိုင်းသလို ခေတ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်နေမှာပါ။ ကိုရီးယားမလေးတွေ ပုံစံလည်း ဖမ်းလို့ ရပါတယ်။
(၄) Dark Roots
ကိုရီးယားမော်ဒယ် Irene Kim ရဲ့ Dark Roots စတိုင်မျိုးကတော့ အာရှသူတော်တော်များများနဲ့လိုက်ဖက်ပါတယ်။ အနက်နဲ့ ပန်းရောင် စပ်ထားပြီး မိန်းမဆန်တဲ့ အသွင်မျိုးပါ။ ဆံပင်အမြဲ ဆိုးရတဲ့သူဆိုရင် ဆံပင်အရင်းကို မထိတာမို့ သဘောကျမယ့် ဆံပင်စတိုင်လည်း ဖြစ်ပါတယ်။
(၅) Faded Rose
ပန်းရောင်ကိုမှ တဖြည်းဖြည်း အရောင်လွင့်သွားတဲ့ စတိုင်မျိုးဟာ အသားအရေဖြူဖွေးပြီး ပေ့ါပေါ့ပါးပါး နေတတ်တဲ့ မိန်းကလေးအသွင် ဖန်တီးပေးပါတယ်။ မိန်းမဆန်ပြီး ကြော့ရှင်းနေတာကြောင့် ပွဲအခမ်းအနားတွေ သွားမယ်ဆိုလည်း အထူးတလည် အားစိုက်စရာ မလိုဘဲ လှနေမှာပါ။
Ref ; www.allure.com