ဆိုရှယ်မီဒီယာမှာ Cyberbullying ပြုလုပ်ခံရခြင်းကြောင့် စိတ်ကျရောဂါခံစားရသူတွေလည်း ရှိသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသူတွေဟာလည်း ကမ္ဘာတဝှမ်းမှာ အများအပြားပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ နာမည်ကြီး နိုင်ငံတကာ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
(၁) Adele
နာမည်ကြီးအဆိုတော်တဦးဖြစ်တဲ့ Adele ဟာဆိုရင် သူမရဲ့သားငယ်လေး မွေးဖွားပြီးတဲ့ ၂၀၁၅ ခုနှစ်မှာ ခန္ဓာကိုယ်အလေးချိန်မြင့်တက်လာတာနဲ့ ပတ်သက်ပြီး Twitter မှာ Cyberbullying ပြုလုပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကတော့ Twitter ကနေတဆင့် ကဲ့ရဲ့ကာ Cyberbullying ပြုလုပ်သူကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်းရှုံ့ချခဲ့ကြပြီး Adele ဘက်ကနေ စည်းစည်းလုံးလုံး ရပ်တည်ပေးခဲ့ကြပါတယ်။
(၂) Emma Watson
ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးလေး Emma Watson ဟာဆိုရင်လည်း Brown University မှာ ပညာသင်ကြားနေစဉ် သူမရဲ့ သရုပ်ဆောင်အလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်နေချိန်မှာ အတန်းဖော်တွေက သူမရဲ့ အောင်မြင်မှုကို မနာလိုဖြစ်ကာ ဆိုရှယ်မီဒီယာတွေမှာ လူသိရှင်ကြား တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့လည်း Emma ဟာ နယူးယောက်က Columbia University ကို ပြောင်းရွှေ့ပညာသင်ယူခဲ့တာပဲ ဖြစ်ပါတယ်။
(၃) Selena Gomez
နာမည်ကြီးအဆိုတော်လည်းဖြစ်၊ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ကောင်းတဲ့ Selena ဟာဆိုရင်လည်း ကိုယ်အလေးချိန်အနည်းငယ် မြင့်တက်လာတုန်းက နာမည်ကြီးမီဒီယာအချို့အပါအဝင် မနာလိုသူတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ Cyberbullying ပြုလုပ်ခဲ့ကြပါတယ်။
(၄) Peng Hsin-yi (Cindy Yang)
ထိုင်ဝမ်နာမည်ကြီး သရုပ်ဆောင် မော်ဒယ်တဦးဖြစ်တဲ့ Cindy Yang ဟာဆိုရင်တော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ Cyberbullying ပြုလုပ်ခံရခြင်းကြောင့် စိတ်ကျဝေဒနာခံစားခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုပြုလုပ်ခဲ့ပါတယ်။ ကွယ်လွန်သွားချိန်မှာ သူမဟာ ၂၄ နှစ်သာရှိသေးပြီး စိတ်ကျရောဂါ ၅ လခန့်ခံစားခဲ့အပြီးမှာ အခုလိုအဆုံးစီရင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
(၅) Choi Jin-sil
ကိုရီးယားနာမည်ကြီး မင်းသမီးတဦးဖြစ်တဲ့ Choi Jin-sil ဟာဆိုရင်တော့ ပြောင်းလဲပြင်ဆင်လိုက်တဲ့ ပလတ်စတစ်ဆာဂျရီကြောင့် ဆိုရှယ်မီဒီယာပေါ်ကနေ Cyberbullying ပြုလုပ်ခံခဲ့ရပြီး သိပ်မကြာခင်အချိန်မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲဌာနကလည်း သူမသေဆုံးရမှုဟာ Cyberbullying နဲ့ဆက်စပ်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဆိုရှယ်မီဒီယာမှာ အဖြစ်များလာတဲ့ Cyber Bullying အကြောင်း တစေ့တစောင်း
လူမှုကွန်ရက်တွေက ပေးတဲ့ ဆိုးကျိုး ၇ ခု
Ref : www.netnanny.com