တူရကီနိုင်ငံရဲ့ Black Sea ကမ်းရိုးတန်းတွေအမြင့်မှာ လေချွန်သံကို ဘာသာစကားတခုအဖြစ် အသုံးပြုတဲ့ တောင်ပေါ် ရွာလေးတရွာ တည်ရှိပါတယ်။
အဲဒီရွာက ရွာသူရွာသားတွေရဲ့ လေချွန်သံတွေဟာ အသံတခုတည်း မဟုတ်သလို ကြိယာကိုချည်း ကိုယ်စားပြုတာလည်း မဟုတ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ရဲ့ လေချွန်ခြင်း ဘာသာစကားကို ငှက်ကလေးတွေရဲ့ ဘာသာစကားလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ တူရကီစကားလုံးတော်တော်များများကို အမျိုးမျိုးသော လေချွန်သံတွေအဖြစ် အသုံးပြုတဲ့ တောင်ပေါ်ရွာလေးရဲ့ နာမည်ကတော့ Kuskoy ပဲဖြစ်ပါတယ်။
Kuskoy ရဲ့ အဓိကအသက်မွေးလုပ်ငန်းကတော့ တိရိစ္ဆာန်မွေးမြူရေးနဲ့ တောင်ယာစိုက်ပျိုးခြင်းဖြစ်ပြီး လက်ဖက် ၊ ပြောင်းဖူး၊ မုန်လာဥ နဲ့ အခြားသော ကောက်ပဲသီးနှံမျိုးစုံကို စိုက်ပျိုးကြတာပဲဖြစ်ပါတယ်။ တူရကီနိုင်ငံရဲ့ မြို့ပြနေထိုင်မှု ပုံစံနဲ့ ကွဲထွက်နေပြီး အခြားတူရကီနိုင်ငံသားတွေအနေနဲ့လည်း Kuskoy ရွာသူရွာသားတွေဟာ တမူထူးခြားဆန်းပြား နေခဲ့တာလည်းဖြစ်ပါတယ်။
အံ့သြစရာကောင်းတဲ့ ဘာသာစကားကို လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀၀လောက်ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး တောင်ပေါ်စိုက်ခင်းတွေမှာ တနေရာနဲ့တနေရာ ပြောဆိုဖို့ ဝေးကွာခြင်းကြောင့် အခုလို ဘာသာစကားကို အသုံးပြုခဲ့ကြခြင်းလည်းဖြစ်ပါတယ်။
တနေရာနဲ့တနေရာ နီးနီးကပ်ကပ်ရှိတယ်လို့ ထင်ရပေမယ့် တကယ်တမ်း သွားလာတဲ့အခါမှာ ဝေးကွာတဲ့ဒေသတွေ ဖြစ်တာကြောင့် ဒေသခံတွေဟာ သာမန်စကားပြောခြင်း ၊ အော်ဟစ်ခြင်းတွေကို ပြုလုပ်မနေတော့ဘဲ အခုလို လေချွန်ခြင်းဘာသာစကားကို အသုံးပြုပြီး အကွာအဝေးကို ချုံ့ပစ်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လေချွန်တဲ့ဘာသာစကားကို အသုံးပြုတဲ့ နေရာဒေသများစွာ ရှိနေပြီး အဲဒီနေရာဒေသကတော့ Canary ကျွန်းစုတွေမှာပဲ ဖြစ်ပါတယ်။ တူရကီ-ဂျာမန်နွယ်ဖွားတဦးဖြစ်တဲ့ Onur Gunturkun ကတော့ Kuskoy ကျေးရွာလေးရဲ့ ကျေးငှက်ဘာသာစကားကို အထူးတလည် စူးစမ်းလေ့လာဖြစ်ခဲ့တဲ့ ဇီဝဗေဒပညာရှင်တဦးပဲဖြစ်ပါတယ်။
“ကျနော် သူတို့ ဘာသာစကားကို ပထမဦးဆုံးကြားလိုက်ရတဲ့အချိန်မှာ တော်တော်ဝမ်းသာသွားတယ်။ သိပ္ပံပညာအတွက် ရိုးရှင်းတဲ့ ဘာသာစကားတခုလို့တောင် ယုံကြည်မိသွားတယ်”လို့ Onur က ဆိုပါတယ်။
Onur ဟာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေကို သုတေသနပြုလုပ်နေသူတဦးလည်းဖြစ်ပြီး အပြောဘာသာစကားကို ဦးနှောက်ဘယ်ဘက်ခြမ်းက လုပ်ဆောင်ခြင်း ၊ သီချင်းဂီတတွေကို နားထောင်တဲ့အခါမှာတော့ ဦးနှောက်ညာဘက်က လုပ်ဆောင်ခြင်း စတဲ့ သီအိုရီတွေနဲ့ Kuskoy ရဲ့ ဘာသာစကားဟာ ခွဲထွက်နေတာပဲဖြစ်ပါတယ်။
Kuskoy ဆိုတဲ့ ဝေါဟာရကိုက ကျေးငှက်ကျေးရွာလို့ အဓိပ္ပာယ်ရပြီး ကျေးငှက်ဘာသာစကားကိုတော့ တူရကီစကားလုံး အနေနဲ့ kus dili လို့ ခေါ်ဆိုတာပဲဖြစ်ပါတယ်။
Ref: mysticalraven.com