မကြာခင်မှာ ရောက်ရှိလာတော့မယ့် ဟောလိုးဝင်းပွဲတော်ဟာ အမေရိကန်နိုင်ငံမှာ ခရစ်စမတ်ပွဲတော်ပြီးရင် ဒုတိယအကျော်ကြားဆုံး ပွဲတော်တခု ဖြစ်ပါတယ်။ ဟောလိုးဝင်းပွဲတော်ကို နိုင်ငံအသီးသီးမှာ ကျင်းပပြုလုပ်နေကြပေမယ့် ဟောလိုးဝင်းအကြောင်း မသိသေးတဲ့ အချက်တချို့လည်း ရှိပါတယ်။
ဒါကြောင့်မို့လို့ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဟောလိုးဝင်း (Halloween) အကြောင်း လူသိနည်းတဲ့ အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။
(၁) ဟောလိုးဝင်းပွဲတော်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၆၀၀၀ ခန့်ရှိပြီး ဘီစီ ၄၀၀၀ ဝန်းကျင်ခန့်က စတင်ခဲ့ကာ အိုင်ယာလန်နိုင်ငံဟာ ဟောလိုးဝင်းပွဲတော်ရဲ့ ပထမဆုံး အရင်းအမြစ် နိုင်ငံလည်းဖြစ်ပါတယ်။
(၂) ဟောလိုးဝင်းပွဲတော်ရဲ့ မူလအမည်ကတော့ “Samhain” ဖြစ်ပြီး ကောက်ရိတ်သိမ်းချိန်ရဲ့ နောက်ဆုံးလ (အောက်တိုဘာ ၃၁) မှာ စတင်ကျင်းပခဲ့ကြပါတယ်။ Gaels လူမျိုးတွေအနေနဲ့ အောက်တိုဘာ ၃၁ ဟာ သက်ရှိလောကနဲ့ တမလွန်လောကကြားမှာ ဖြတ်သန်းသွားလာနိုင်တယ်လို့ ယုံကြည်ကြပြီး အဲဒီအချိန်ဟာ အသက်ရှင်နေသူတွေကို အားနည်းစေတာကြောင့် အခုလို ကြောက်လန့်စရာဝတ်စုံတွေဝတ်ပြီး ကျင်းပခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
(၃) အမေရိကန်နိုင်ငံမှာ ခရစ်စမတ်ပွဲတော်ပြီးရင် ဟောလိုးဝင်းပွဲတော်ဟာ ဒုတိယအကျော်ကြားဆုံးဖြစ်ပြီး နိုင်ငံသားတွေဟာ ပွဲတော်ရက်အတွင်းမှာ ဒေါ်လာ ၆ ဒဿမ ၉ သန်းလောက်ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီကုန်ကျစရိတ်တွေကိုတော့ သကြားလုံးတွေ၊ ဝတ်စုံတွေနဲ့ ပါတီပွဲတွေအတွက် အသုံးပြုတာဖြစ်ပြီး အသုံးပြုတဲ့ သန်းပေါင်းများစွာသော သကြားလုံးတွေရဲ့ အလေးချိန်ဟာ Titanic သင်္ဘော ၆ စီးစာနဲ့ ညီမျှတာပဲဖြစ်ပါတယ်။
(၄) ဟောလိုးဝင်းပွဲတော်နဲ့ သကြားလုံးတွေဟာ ခွဲခြား မရသလို ရွှေဖရုံသီးနဲ့ ဟောလိုးဝင်းပွဲတော်ဟာလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။ လှီးဖြတ်ထားတဲ့ ရွှေဖရုံသီးတွေဟာ ဟောလိုးဝင်းပွဲတော်မှာ ပျော်စရာတခုအနေနဲ့ အသုံးပြုတာ မဟုတ်ဘဲ မကောင်းဆိုးဝါးတွေကို နှင်ထုတ်နိုင်တယ်လို့ ယူဆကြလို့ပဲ ဖြစ်ပါတယ်။
(၅) ဟောလိုးဝင်းပွဲတော်ရက်မှာ ပင့်ကူတကောင်ကို တွေ့တဲ့အခါ မထိတ်လန့်သွားပါနဲ့။ ဘာလို့လဲ ဆိုရင်တော့ ပင့်ကူကို တွေ့ခြင်းဟာ ကွယ်လွန်သွားပြီးဖြစ်တဲ့ သင့်ကို ချစ်တဲ့သူတယောက်ယောက်ရဲ့ ဝိညာဉ်က စောင့်ရှောက်နေတယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။
Ref:www.ef.edu