ယနေ့ခေတ်မှာ IQ (intelligent quoitent) နဲ့ EQ (emotional quoitent) တို့ကို အမျိုးမျိုး ဖွင့်ဆိုရှင်းလင်းလာကြပေမယ့် လူမှုဆက်ဆံရေးနယ်ပယ်မှာရော လုပ်ငန်းခွင်နယ်ပယ်မှာပါ EQ ဟာ IQ ထက် ပိုမိုအရေးပါတယ်ဆိုတာကို အများစုက လက်ခံလာကြပါတယ်။
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် စာတော်ပြီး ဉာဏ်ကောင်းသူတွေကို IQ မြင့်တယ်လို့ ခေါ်ကြပြီး IQ Level မြင့်ခြင်း နိမ့်ခြင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင်တယ်လို့ စိတ်ပညာရှင်တွေကရော သုတေသနပညာရှင်တွေက အဆိုပြုထားကြပါတယ်။
EQ ဆိုတာကတော့ မိမိရဲ့စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မြင့်မားသူတွေကို ခေါ်ဆိုတာဖြစ်ပြီး EQ မြင့်ဖို့အတွက် ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်နိုင်တဲ့အပြင် စစ်တမ်းတွေအရဆိုရင်တော့ IQ ကောင်းတဲ့သူတွေထက် EQ ကောင်းတဲ့သူ တွေဟာ ပိုမိုအောင်မြင်ကြတယ်လို့ သိရပါတယ်။
EQ ရဲ့အရေးပါပုံတွေကို စိတ်ပညာရှင်တွေဟာ ၁၉၃၀ ခုနှစ်လောက်ကနေစပြီး သုတေသနလေ့လာချက်တွေ ပြုလုပ်ခဲ့ တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာတော့ စိတ်ပညာရှင်တဦးလည်းဖြစ်သလို နယူးယော့ခ်တိုင်းမ် သတင်းစာမှာ သိပ္ပံဆောင်းပါး တွေရဲ့ ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်တဲ့ Daniel Goleman’s က လူမှုဆက်ဆံရေးနယ်ပယ်မှာရော ဘဝမှာ အောင်မြင်ရေးအတွက်ပါ EQ ဟာ IQ ထက်ပိုအရေးပါတယ်ဆိုတဲ့အကြောင်းကို တိကျတဲ့ သုတေသနလေ့လာချက်တွေနဲ့ ဖော်ထုတ်ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
အဖွဲ့အစည်းနဲ့ ပြုလုပ်ရတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေနဲ့ နေ့စဉ်လူမှုဆက်ဆံရေးနယ်ပယ်မှာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေထက် အများနဲ့ လိုက်လျောညီထွေရှိအောင် လုပ်တတ်၊ နေတတ်ဖို့နဲ့ ဘယ်အရာမဆို ကိုယ့်တဖက်တည်း မကြည့်ဘဲ အများအတွက်ပါ စဉ်းစားပေးတတ်တာတွေဟာ EQ မြင့်တဲ့သူတွေရဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။
လက်ရှိမှာ လူအများစုဟာ မိမိကျွမ်းကျင်တဲ့နယ်ပယ်တွေမှာ ထူးချွန်ကြပေမယ့် ထိုက်သင့်သလောက် အောင်မြင်မှု မရကြတာနဲ့ အောင်မြင်မှုကရေရှည်မခံတာတွေဟာ မိမိရဲ့ EQ skill နဲ့လည်း သက်ဆိုင်တယ်ဆိုတာကိုတော့ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။
နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရတဲ့ အသေးအဖွဲကိစ္စရပ်တိုင်း (ဥပမာ- ဘတ်စ်ကားစီးတာကနေ ဈေးဝယ်တာမျိုးတွေအထိ) မှာ သူတပါးကို လေးစားတတ်ဖို့ ၊ တပါးသူရဲ့ ခံစားချက်နဲ့ ထင်မြင်ချက်တွေကို ကိုယ်ချင်းစာတတ်ဖို့နဲ့ မိမိရဲ့ ခံစားချက် တွေကို သတိထားပြီး ထိန်းချုပ်နိုင်စေဖို့အတွက် EQ မြင့်မားခြင်းဟာ အရေးကြီးကြောင်း ဖော်ပြရေးသားလိုက်ပါတယ်။
Ref ; www.verywellmind.com