လူတကိုယ်အကြိုက်တမျိုးလို့ ဆိုရလောက်အောင် လူတယောက်ချင်းစီမှာ ကြိုက်နှစ်သက်တဲ့ အမျိုးအစားကိုယ်စီ ရှိကြပါတယ်။ မွေးရာပါ ပါလာတဲ့ စိတ်ကိုအခြေခံပြီး အကြိုက်တွေဖြစ်လာသလို ကိုယ်မွေးဖွားရာ ပတ်ဝန်းကျင် ပေါ်မူတည်ပြီး ပြောင်းလဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီထဲကမှ သင်အကြိုက်ဆုံးအရောင်ကို ပြောပါဆိုရင် ဘယ်အရောင်ကို ရွေးချယ်လေ့ရှိလဲ။ အကြိုက်ဆုံးအရောင်လို့ ဆိုလိုက်ရင် အရင်ဆုံးစဉ်းစားမိလိုက်တဲ့အရောင်၊ သင့်မျက်စိထဲ အရင်ဆုံးတန်းဝင်လာတဲ့ အရောင်က ဘာဖြစ်မလဲ။ စိတ်ပညာအရ အနှစ်သက်ဆုံးအရောင်ပေါ်မူတည်ပြီး သင့်စရိုက်လက္ခဏာတွေကို ခန့်မှန်းနိုင်ပါတယ်။
အမည်းရောင်
အနှစ်သက်ဆုံးအရောင်ကို အမည်းရောင်လို့ ရွေးချယ်တဲ့သူတွေဟာ အနုပညာအမြင်ရှိပြီး ဆတ်ဆတ်ထိမခံတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေပါ။ ဘာသိဘာသာနေတတ်တဲ့ တကိုယ်တည်းသမားတွေမဟုတ်တာတောင် သူ့တို့ဘဝအ ဖြစ်အပျက်အကြောင်းအရာတွေကို တပါးသူကို အလွယ်တကူ မျှဝေလေ့မရှိကြပါဘူး။
အဖြူရောင်
အဖြူရောင်ကို နှစ်သက်သူတွေဟာ စည်းစနစ်တကျ လုပ်ဆောင်တတ်ပြီး နည်းလမ်းတကျ စဉ်းစားတွေးခေါ်တတ်သူတွေလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း သူတို့ဘဝမှာ ရှုပ်ထွေးခက်ခဲတာမျိုး ဖြစ်လေ့မရှိဘဲ စနစ်တကျဖြေရှင်းနိုင်စွမ်းရှိပါတယ်။
အနီရောင်
စိတ်ဓာတ်ခွန်အားတွေ အမြဲပြည့်ဝနေပြီး တခုခုဆို အင်ပြည့်အားပြည့်လုပ်တတ်တဲ့သူလို့ သတ်မှတ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေချင်တဲ့အခါ အနီရောင်ကို ရွေးဝတ်လေ့ရှိကြသလိုပဲ အနီရောင်ကြိုက်နှစ် သက်သူတွေဟာ စိတ်လှုပ်ရှားမှုတွေနဲ့ အမြဲအဆင်သင့်ဖြစ်နေတတ်ပါတယ်။
အပြာရောင်
ငြိမ်းချမ်းခြင်းရဲ့ ကိုယ်စားပြုအရောင်လို့ သတ်မှတ်ထားတဲ့ အပြာရောင်ကို နှစ်သက်သူတွေဟာ ဘဝကို ဟန်ချက်ညီစွာ ဖြတ်သန်းတတ်ကြပါတယ်။ ယုံကြည်အားကိုးရတဲ့သူဖြစ်ပြီး တပါးသူကို အမြဲကူညီဖို့ အဆင့်သင့်ဖြစ် နေသူတွေပါ။ သန့်ရှင်းသပ်ရပ်တာကို နှစ်သက်သူပီပီ ဘဝကိုလည်း တည်တည်ငြိမ်ငြိမ် ဖြတ်သန်းသွားချင်သူပါ။
အစိမ်းရောင်
အစိမ်းရောင်ကို နှစ်သက်သူတွေကတော့ ချစ်ခင်တွယ်တာတတ်ပြီး သစ္စာရှိသူတွေပါ။ ပတ်ဝန်းကျင်ရဲ့အမြင်ကို အလေးထားတတ်လွန်းလို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ သရဲဘောကြောင်သူလို့တောင် ထင်ခံရပါတယ်။ သူတို့ ကြိုက်နှစ်သက်ရာဆိုရင် ထပ်တလဲလဲလုပ်လေ့ရှိပါတယ်။
အဝါရောင်
သင်ယူလေ့လာရတာကို ကြိုက်နှစ်သက်သူပီပီ တခြားသူတွေနဲ့ ဗဟုသုတဖလှယ်ရတာကို သဘောကျပါတယ်။ ကိုယ့်အနီးအနားက သူတွေကို ပျော်ရွှင်စေပြီး အာရုံစိုက်ခံရတာကို နှစ်သက်သူတွေပါ။
အညိုရောင်
အကောင်းဆုံး မိတ်ဆွေအဖြစ်သတ်မှတ်နိုင်သလို တခြားသူတွေက သင့်ကို ယုံကြည်အားကိုးနိုင်တဲ့သူဖြစ်ပါ တယ်။ ပွင့်လင်းရိုးသားလို့လည်း သင့်ဘေးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဝိုင်းဝိုင်းလည်နေသူတယောက်ပေါ့။
လိမ္မော်ရောင်
ကံအကောင်းဆုံးအရောင်လို့ သတ်မှတ်ကြတဲ့ လိမ္မော်ရောင်ဟာ နေရောင်ကိုယ်စားပြုအရောင်မို့ အမြဲစွမ်းအား တွေပြည့်နေသူပါ။ လုပ်စရာမရှိရင် မနေတတ်သူပီပီ တခုမဟုတ်တခုလုပ်နေရတာကို နှစ်သက်သူပါ။
Ref: Sweety High