အခုလို ပွင့်လင်းရာသီရောက်လာတဲ့အခါ မြို့ပြကနေ အနားယူဖို့အတွက် အများစုဟာ ခရီးထွက်ကြပါတယ်။ ခွင့်ရက်ရှည်ကလည်း ရှိပြန်တော့ စိတ်ကြိုက်လျှောက်သွားလို့ရတဲ့ အချိန်ပါပဲ။
ပျော်ရွှင်စရာနေ့ရက်တွေကုန်ဆုံးလို့ လုပ်ငန်းခွင်ကို ပြန်ဝင်ရတော့မယ်ဆိုရင် စိတ်က မသက်မသာနဲ့ တခုခုလိုနေသလိုမျိုး ခံစားရတတ်ပါတယ်။ သင်က ခရီးမှာ အရမ်းပျော်ခဲ့ရပြီး မပျော်ရွှင်ရတဲ့လုပ်ငန်းခွင်မှာ နေထိုင်ရရင်တော့ ပိုဆိုးတော့ တာပေ့ါ။
ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ စိတ် ပေါ့ပေါ့ပါးပါးနဲ့ အလုပ်ကို ချီတက်နိုင်မယ့် နည်းလမ်းတွေ ပြောပြပေးသွားပါမယ်။
(၁) ခရီးကနေ ပြန်လာလာချင်း အလုပ်တန်းမဝင်ပါနဲ့
ပျော်နေရတဲ့စိတ်ကလေးကို သက်သောင့်သက်သာဖြစ်စေဖို့ ခရီးကနေ ပြန်ရောက်ရောက်ချင်း အလုပ်တန်းဝင်တာမျိုး မလုပ်ပါနဲ့။ အနည်းဆုံးတော့အိမ်မှာနားနေပြီး အိမ်ရှင်းတာ၊ မုန့်ဝယ်စားတာမျိုးလုပ်ကြည့်ပါ။ စိတ်ကို ဖြည်းဖြည်းချင်း နေရာကျ အောင်လုပ်ပြီးမှ လုပ်ငန်းခွင်ထဲပြန်ဝင်မယ်ဆိုရင် ပေါ့ပါးပြီးတက်ကြွနေမှာပါ။
(၂) အလုပ်မှာ လွယ်ကူတာကနေ စပါ
လုပ်ငန်းခွင်ထဲပြန်ဝင်တာနဲ့ ပရောဂျက်အကြီးကြီးကို စကိုင်ပြီး ခေါင်းရှုပ်မခံပါနဲ့။ သင်ခရီးမထွက်ခင်က မပြီးသေးတဲ့ အလုပ်တွေ၊ တာဝန်တွေကို စာရင်းပြုစုပြီး သိအောင်အရင်လုပ်ပါ။ တာဝန်သေးသေးလေးတွေကို အချိန်တိုတို အတွင်းမှာ ပြီးမြောက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးပြီး အလုပ်မှာ တက်ကြွနေမှာပါ။
(၃) ခရီးကနေ အမှတ်တရပစ္စည်းတွေ ဝယ်လာပါ
လက်ရှိဘဝကိုပြန်ရောက်သွားတဲ့အခါ ပျော်စရာတွေကို သတိရဖို့အတွက် အမှတ်တရပစ္စည်းလေးတွေကို ပြန်ကြည့်နိုင် ပါတယ်။ လက်ရှိဘဝမှာ ငြီးငွေ့နေတယ်ဆိုရင် ခရီးသွားတုန်းက အကြောင်းတွေပြန်တွေးပြီး စိတ်သစ်လူသစ် ပြန်စနိုင် တာပေ့ါ။
(၄) လုပ်ငန်းခွင်က လူတွေနဲ့လည်း စကားပြောပါ
အလုပ်မှာ စက်ရုပ်ကြီးလို ငုတ်တုပ်ထိုင်ပြီး တနေကုန်အလုပ်ပဲ ဖိလုပ်တဲ့အခါ သင်တကယ်ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်အလုပ်က လူတွေနဲ့လည်း ခရီးအကြောင်းပြောဆိုပါ။ လူတွေက ခရီးမှာ သူတို့ဘာတွေကြုံတွေ့ခဲ့တယ်၊ ဘယ်လိုမျိုးတွေ ရှိတယ်ဆိုတာကို ပြောချင်ကြပါတယ်။ ဒီလိုမျိုးပြောဆိုပြီး အလုပ်မှာ မိတ်ဆွေသစ်တောင် ရသွားနိုင် ပါတယ်။
(၅) အမြင်သစ် တမျိုးနဲ့သွားပါ
အရင်ကသင်လုပ်နေရတဲ့တာဝန်ကို သဘောမကျတာမျိုး၊ အထက်လူကြီးကို ကြည့်မရတာမျိုးရှိမှာပါ။ သူတို့တွေနဲ့ ခဏကင်းကွာသွားတဲ့အခါ အမြင်သစ်တမျိုးနဲ့ အလုပ်ကို ပြန်သွားကြည့်ပါ။ တနည်းအားဖြင့် သင်စဉ်းစားလို့မရတဲ့ အိုင်ဒီယာအသစ်တွေလည်း ရလာနိုင်ပါတယ်။
(၆) ခဏအနားယူပါ
အလုပ်လုပ်နေရင်းနဲ့ စိတ်ကအာရုံစိုက်လို့မရတဲ့အခါ ၅ မိနစ်လောက်ဖြစ်ဖြစ်အနားယူပါ။ သူများတွေက ကြိုးစားနေပြီး သင့်ကတော့ ခရီးထွက်တုန်းက အကြောင်းအရာတွေကိုပဲ သတိရနေလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတာမျိုးလည်း ရှိတတ်ပါတယ်။
ပျော်ရွှင်မှုက အဓိကဖြစ်ပြီး တကြိမ်မှာ တခုကိုပဲလုပ်ပါ။ ဒါကြောင့်အလုပ်မှာ အာရုံမစိုက်နိုင်တော့ဘူးဆိုရင် ခဏလောက် နားလိုက်ပါ။
အခုပြောပြတဲ့ အချက်တွေကို ပေါ့ပေ့ါပါးပါး လုပ်ကြည့်မယ်ဆိုရင် သင်ဟာအလုပ်မှာပိုပျော်ရွှင်ပြီး အကြံဉာဏ်သစ်တွေ လည်း ရလာမှာ ဖြစ်ပါတယ်။
www.inc.com