ပုံကျလှပတဲ့ မျက်ခုံးမွှေးတစုံ ရဖို့အတွက် ပုံမှန်လုပ်နေကျ မျက်ခုံးမွှေးဆွဲတာမျိုးနဲ့တင် မဟုတ်ဘဲ အခုနောက်ပိုင်းမှာဆိုရင် မျက်ခုံးတက်တူးထိုးတာမျိုးကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာနေကြပါပြီ။
မျက်ခုံးပါးသူတွေပဲဖြစ်ဖြစ်၊ ပုံစံမကျတဲ့ မျက်ခုံးမွှေးတွေကို ပြုပြင်ချင်သူတွေပဲဖြစ်ဖြစ် မျက်ခုံးမွှေး တက်တူးထိုးတဲ့အခါ သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်ခုံးတက်တူးဟာ တခြားသော တက်တူးထိုးတာမျိုးတွေလို တသက်လုံး မခံပါဘူး။ အရေပြား အမျိုးအစားနဲ့ မိမိရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် မူတည်ပြီး ၁ နှစ်ကနေ ၃နှစ်အထိသာ ခံတာဖြစ်ပါတယ်။ ထိုးပြီး ၁နှစ်ကနေ ၂နှစ်အတွင်း ပြန်လည် Touch up ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
(၂) မျက်ခုံးတက်တူး ထိုးတာဟာ မိမိရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အရောင်အရင့်၊ အနု ဖြစ်ပေါ်နိုင်ပါတယ်။ ထိုးပြီးပြီးချင်းမှာ အရောင်တောက်နေတာမျိုး ဖြစ်နိုင်ပေမယ့် ၅ ရက်လောက်ကြာသွားရင်တော့ အရောင်မှိန်ပြီး မိမိနဲ့ တသားတည်းကျမယ့် အရောင်မျိုး ဖြစ်သွားနိုင်ပါတယ်။
(၃) မျက်ခုံးတက်တူး ထိုးတာဟာ အရေပြားထဲကို အပ်ချွန်ချွန်နဲ့ ထိုးသွင်းပြီး အလှပြုပြင်တာမျိုးဖြစ်တာကြောင့် နာကျင်မှုတော့ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ မျက်ခုံးတက်တူး ထိုးတော့မယ်ဆိုရင် မျက်ခုံးတက်တူး ကျွမ်းကျင်သူတွေနဲ့ ဆေးခန်းကောင်းကောင်းကိုရှာဖို့ လိုအပ်ပါတယ်။
(၄) မျက်ခုံးတက်တူး ထိုးတယ်ဆိုတာဟာ ဖန်တီးပြုပြင်ထားတဲ့ အလှပြုပြင်မှုဖြစ်တာကြောင့် သဘာဝဆန်တဲ့ မျက်ခုံးမျိုးကိုတော့ အတိအကျရနိုင်မှာ မဟုတ်ပါဘူး။ မျက်ခုံးတွေဟာ ပုံမှန်အားဖြင့် တဖက်နဲ့ တဖက် အနည်းငယ် ခြားနားမှုရှိတာကြောင့် နှစ်ဖက်စလုံး တထပ်တည်းကျဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ မျက်ခုံးတက်တူး ကျွမ်းကျင်သူတွေက ဆိုပါတယ်။
(၅) မျက်ခုံးဟာ မျက်နှာပေါ်က အစိတ်အပိုင်းတွေထဲမှာ ထင်းခနဲဖြစ်စေတဲ့ မျက်နှာအစိတ်အပိုင်းတခု ဖြစ်တာကြောင့် မထိုးခင် သေချာစဉ်းစားသင့်တယ်ဆိုတာကိုပါ အကြံပြုချင်ပါတယ်။
Ref: www.huffpost.com