တရုတ်နိုင်ငံ ဟန်ကျိုးမြို့က ရထားဘူတာရုံမှာ အဘွားအိုတယောက် တောင်းစားနေတာ နှစ်နဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့အဘွားအိုဟာ မကြာသေးမီက စာရင်းပြုစုချက်အရ မထင်မှတ်ဘဲ ကြွယ်ဝချမ်းသာနေတာ တွေ့ရပါတယ်။
သူ့မှာ အထပ် ၅ ထပ်ပါတဲ့ အဆောက်အဦ၊ လက်လီစတိုးတွေနဲ့အတူ ငှားရမ်းထားတဲ့ ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေပါတယ်။ ဒီအဘွားအိုရဲ့သတင်းက လွန်ခဲ့တဲ့ အပတ်ကဘဲ ပြည်တွင်းသတင်းအနေနဲ့ တက်လာခဲ့ပါသေးတယ်။ ရထားဘူတာက ဝန်ထမ်းတွေကတော့ ခရီးသွားတွေကို အဘွားအိုရဲ့ပုံပြင်ဇာတ်လမ်းကို ယုံမှားပြီး ပိုက်ဆံပေးမှာ စိုးတာကြောင့် သတိပေးချက်မျိုးတောင် ထုတ်လွှင့်ခဲ့ပါတယ်။
အဘွားအိုရဲ့သား ပြောပြချက်အရ သူတို့မိသားစုဟာ တရုတ်ပြည်က အလယ်လတ်တန်းစားတွေထက် ပိုသုံးနိုင်တဲ့ အခြေအနေမျိုးမှာရှိပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သားဖြစ်သူမှာလည်း မိသားစုစက်ရုံ အသေးစားကို ကိုယ်တိုင်ဦးစီးနေတာဖြစ်ပြီး မိခင်ဖြစ်သူကို တောင်းရမ်း စားသောက်တာမျိုး မလုပ်ဖို့ အကြိမ်ပေါင်းများစွာ ပြောထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဘွားအိုက ငြင်းဆန်ပြီး တောင်းရမ်းတာကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
“ကျနော်သူ့ကို မိသားစု ဂုဏ်သိက္ခာကို မငဲ့ကွက်ရင် ကြိုက်သလိုလုပ်ပါ” လို့ပြောထားတယ်။ နေ့တိုင်း အရသာရှိတဲ့ အစားအသောက်တွေ ကျွေးနေပေမယ့် အမြဲ အပြင်ထွက်ပြီး တောင်းတဲ့အလုပ်ကိုပဲ လုပ်ကိုင်နေတယ်။ ငွေကြောင့်လို့ ဆိုရအောင်လည်း သူက ဒီမှာရှိတဲ့သူတွေထက်တောင် ပိုင်ဆိုင်မှုက များနေသေးတယ်”လို့ ဆိုပါတယ်။
အဘွားအိုက အရင်က ဘူတာရုံမှာ မြေပုံလိုက်ရောင်းတဲ့ အလုပ်ကိုလုပ်ပေမယ့် ဘူတာရုံအုပ်ချုပ်ရေးအဖွဲ့က မောင်းထုတ်ခဲ့တာကြောင့် အခုလိုတောင်းစားဖို့ ဖြစ်လာခဲ့ပါတယ်။ သူမဟာ နံနက်တိုင်း ၁၀ နာရီဆို ဘူတာကို ရောက်လာပြီး ည ၈ နာရီမှပဲ အိမ်ပြန်လေ့ရှိပါတယ်။ အချို့သောသူတွေ ပြောစကားအရ သူမဟာ တနေ့ကို ယွမ် ၃၀၀ လောက် ရှာဖွေနိုင်ပါတယ်။
ဒီလိုလုပ်ရပ်တွေကို ရပ်ဖို့အတွက် သူ့သားဖြစ်သူ ကိုယ်တိုင်က လူမှုကွန်ရက်မှ ာဓာတ်ပုံတွေဖြန့်ပြီး ငွေတွေ မပေးဖို့ မေတ္တာရပ်ခံနေပါတယ်။ သူ့ရဲ့လုပ်ရပ်က အကျိုးသက်ရောက်မှု နည်းပေမယ့် အခုတော့ ရထားဘူတာက ဝန်ထမ်းတွေကလည်း စပီကာနဲ့ ငွေကြေးတွေ မပေးဖို့ သတိပေးနေပါတယ်။
အဘွားအိုရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းက ပရိသတ်တွေအကြား အငြင်းပွားနေကြပါတယ်။ တချို့က ဒီလိုချမ်းသာရဲ့သားနဲ့ တောင်းစားတာဟာ မရှိ ဆင်းရဲသားတွေအတွက် ရနိုင်ခွင့်ထိခိုက်တယ်လို့ ပြောနေကြသလို အသက်ကြီးလာတာကြောင့် အထီးကျန်မှုနဲ့ ငြီးငွေ့မှုတွေအတွက် ဒီလိုအလုပ်မျိုးကလည်း အဘွားအိုကို ပျော်ရွှင်စေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
သားဖြစ်သူကိုလည်း အားတဲ့အခါမှာ မိခင်ကိုအချိန်ပေး ဂရုစိုက်ကာ အဖော်လုပ်ပေးသင့်တယ်လို့ ဝေဖန်နေကြပါတယ်။ သားဖြစ်သူက မိခင်ဖြစ်သူနဲ့အတူ နေထိုင်ပြီး ဂရုစိုက်ပေးနေတာဖြစ်သလို အလုပ်သွားရတဲ့ အခါမျိုးမှာတော့ အချိန်မပေးနိုင်ဘူးလို့ ပြန်လည်ချေပထားပါတယ်။
အဘွားအိုကတော့ သူမဟာ အသက်ကြီးတဲ့ အငြိမ်းစားတယောက်ဖြစ်တဲ့အတွက် အလုပ်တခုရှာဖို့ မလွယ်ကူတော့ပါဘူူး။ ဒီလိုအလုပ်လေးက သူမအတွက် ပိုက်ဆံရသလို အထီးကျန်မှုကို သက်သာစေတယ်။ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်တဲ့သူ ငှားဖို့အတွက်လည်း ပိုက်ဆံစုမိတာပေ့ါလို့ ဆိုပါတယ်။
ဒါဆိုရင် အဘွားအိုရဲ့လက်ရှိပိုင်ဆိုင်မှုနဲ့ သူ့သားကကော၊ အဘွားအိုက ဘာကြောင့် ဒီလိုစကားပြောရသလဲ ဆိုပြီး လူတွေစိတ်ဝင်စားနေကြပါတယ်။ သင်တို့ကော ဘယ်လိုထင်မြင်မိပါသလဲ။
Ref ; www.odditycentral.com