Trend

လူအများနဲ့ မတူညီတာဟာလည်း အလှတရားတခုဖြစ်ကြောင်း သက်သေပြခဲ့သူများ

မြန်မာ့ရုပ်ရှင်တွေမှာ တွေ့မြင်နေကျဖြစ်တဲ့ ဟာသတော်တော်များများဟာ လူတဦးတယောက်ရဲ့ အားနည်းချက်ကို လှောင်ပြောင်တဲ့ပုံစံတွေ ဖြစ်နေပါတယ်။ တကယ်တော့ ဒါဟာ ကောင်းတဲ့ အမူအကျင့် မဟုတ်ပါဘူး။ မိဘတွေ အနေနဲ့လည်း တဖက်သားရဲ့ အားနည်းချက်ဆိုတာ လှောင်ပြောင်စရာ မဟုတ်မှန်း မိမိရဲ့ သားသမီးများကို ငယ်စဉ်ထဲက သင်ပြထားသင့်ပါတယ်။

လူတယောက်ရဲ့ ပိန်ခြင်း၊ ဝခြင်း၊ ဖြုခြင်း၊ မဲခြင်း စတာတွေဟာ ရယ်စရာ မဟုတ်တဲ့ အကြောင်းနဲ့ လူတိုင်းမှာ ကိုယ်ပိုင်အလှတွေ ရှိကြောင်း သက်သေပြခဲ့တဲ့ ကမ္ဘာတဝှမ်းက လူတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Melanie Gaydos

အမေရိကန်နိုင်ငံက မော်ဒယ်တဦးဖြစ်တဲ့ Melanie Gaydos ဟာ သွားတည်ဆောက်မှု ပုံမမှန်တဲ့ ရောဂါကို ခံစားနေရတဲ့ မိန်းကလေးတဦး ဖြစ်ပါတယ်။ သူမဟာ မော်ဒယ် အေဂျင်စီတွေမှာ လက်မှတ်ထိုးထားခြင်း မရှိပေမယ့် သူမရဲ့ ဓာတ်ပုံတွေကို Instagram မှာ တင်ရာက တဆင့် ပရိသတ်တွေ များလာပြီး မော်ဒယ် လုပ်ငန်းတွေကို လုပ်ဆောင်နေသူတဦးဖြစ်ပါတယ်။

(၂) Brock Elbank

လန်ဒန်မှာ နေထိုင်တဲ့ ဓာတ်ပုံဆရာ Brock Elbank ဟာ ကမ္ဘာအနှံ့က အသားအရေ မညီညာတဲ့ ရောဂါဖြစ်သူတွေကို ဓာတ်ပုံစီးရီး ရိုက်ပြီး Instagram မှာ လူသိများလာသူဖြစ်ပါတယ်။ သူဟာ ကမ္ဘာအနှံ့က အရေပြားမှာ အရောင် မညီညာတဲ့ လူတွေမှာလည်း ပင်ကိုယ်အလှဆိုတာ ရှိကြောင်း သက်သေပြခဲ့ပါတယ်။

(၃) Shuan Ross

မော်ဒယ်တဦးဖြစ်တဲ့ Shuan Ross ကတော့ အာဖရိကန်- အမေရိကန်လူမျိုးဖြစ်ပါတယ်။သူဟာ သူရဲ့ ထူးခြားလှတဲ့ အသားရောင်နဲ့ အများနဲ့ မတူတဲ့ မျက်နှာဖွဲ့စည်းပုံတွေကြောင့် နာမည်ကြီးလာသူတဦး ဖြစ်ပါတယ်။ သူဟာ လူမဲမိသားစုက မွေးဖွားပြီး အသားအရေနဲ့ အမွှေးအမျှင် အားလုံးဖြူတဲ့ ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

အဲဒီရောဂါ ခံစားရသူတွေထဲက ပထမဆုံး အမျိုးသား မော်ဒယ်လည်း ဖြစ်ပါတယ်။ သူဟာ ဘီယွန်ဆေးနဲ့ ကေတီပယ်ရီတို့ရဲ့ Music Video တွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

(၄) Khoudia Diop

Khoudia Diop (သို့မဟုတ်) “မဟူရာ ဘုရင်မ”လို့ ခေါ်တဲ့ သူမဟာ ဖက်ရှင်လောကထဲကို “မဟူရာ ဘုရင်မ” လို့ သူမကိုယ့်ကို ခံယူပြီး ဝင်လာသူလည်း ဖြစ်ပါတယ်။ ဒီလို နာမည်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလှအပဟာ ပုံစံမျိုးစုံနဲ့ ရှိနေနိုင်တယ်ဆိုတာ အများပြည်သူသိအောင် ဖြစ်တယ်လို့ ဆိုလိုပါတယ်။

(၅) Harnaam Kaur

Harnaam Kaur ဟာ British မော်ဒယ်တဦးဖြစ်ပြီး အနိုင်ကျင့်မှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်ပါတယ်။ သူမကို လူတွေက မုတ်ဆိတ်နဲ့ အမျိုးသမီးလို့ သိကြပါတယ်။သူမဟာ ဆယ်ကျော်သက်အရွယ်မှာ ဟောမုန်းပြောင်းခဲမှု မှားယွင်းတဲ့ ရောဂါဖြစ်ခဲ့ပြီး မျက်နှာမှာ အမွှေးအမျှင်တွေ ပေါက်လာခဲ့ပါတယ်။

သူမဟာ သူမရဲ့ ဖြစ်တည်မှုကို လက်ခံပြီးနောက်မှာ အနိုင်ကျင့်ခံ လူငယ်များနဲ့ မိမိကိုယ်ကို ယုံကြည်မှု မရှိသူများကို အားပေးစကားပြောသူတဦး ဖြစ်လာခဲ့ပါတယ်။

Ref;Brightside.com

Loading