ဘယ်ဘက်လက်မှာ အတိမ်းအစောင်း မရှိတဲ့ ချိန်ခွင်ကို ကိုင်ဆောင်ထားပြီး ညာဘက်လက်မှာ နှစ်ဖက်သွား ဓားတလက်ကို ကိုင်ဆောင်ထားတဲ့ Lady Justice ရုပ်ထုကို တရားရုံးတွေမှာ ထားရှိကြတာကို အများအားဖြင့် တွေ့ဖူးကြမှာပါ။
ဒီရုပ်ထုဟာ တရားဥပဒေစိုးမိုးရေးကို တင်စားပုံဖော်ထားတဲ့ ရုပ်ထုတခု ဖြစ်ပြီး ရုပ်ထုရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည် ဖော်ပြပေးတာ ဖြစ်ပါတယ်။
(၁) ၁၆ ရာစုလောက်တည်းကစပြီး Lady Justice ရုပ်ထုတွေမှာ မျက်လုံးကို ဖုံးအုပ်ထားတဲ့ပုံစံ ထည့်သွင်းထုလုပ်ခဲ့ကြပြီး အဲဒီ မတိုင်ခင်တုန်းကတော့ Lady Justice ရဲ့ မျက်နှာဟာ သာမန်အတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖုံးအုပ်ရခြင်းရဲ့ အဓိပ္ပါယ်အကြောင်းရင်းကတော့ ဆင်းရဲချမ်းသာ၊ ရာထူးအာဏာ ကြီးငယ်မရွေးကို ဘက်လိုက်ညှာတာခြင်း မရှိဘဲ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန်စီရင်မယ်ဆိုတာကို ရည်ညွှန်းလိုခြင်းပဲ ဖြစ်ပါတယ်။
(၂) Lady Justice ရဲ့ ဘယ်ဖက်လက်မှာ ကိုင်ဆောင်ထားတဲ့ ချိန်ခွင်ဟာဆိုရင်တော့ တရားမျှတမှုကို ကိုယ်စားပြုပြီး တရားစီရင်ရာမှာ နှစ်ဖက်စလုံး ညီမျှမှုရှိတဲ့ အဓိပ္ပာယ်ကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
(၃) Lady Justice ရဲ့ ညာဘက်မှာ ကိုင်ဆောင်ထားတဲ့ နှစ်ဖက်သွားဓားဟာ ထက်မြက်ပြတ်သားပြီး တိကျသေချာတဲ့ တရားစီရင်ရေးကို ကိုယ်စားပြုတာဖြစ်ပြီး ရှေးခေတ်ဂရိနဲ့ ရောမခေတ်တို့မှာ အခွင့်အာဏာကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။
(၄) Lady Justice ခြုံလွှမ်းထားတဲ့ ဝတ်ရုံကတော့ ရှေးခေတ် ဂရိနဲ့ ရောမတို့ရဲ့ Greco-Roman ဆိုတဲ့ သင်္ကေတခုပဲဖြစ်ပြီး အယူအဆအကြံဉာဏ်တွေကို သရုပ်ဖော်ထားတဲ့ အဓိပ္ပာယ်သင်္ကေတ တခုလည်း ဖြစ်ပါတယ်။
(၅) Lady Justice ကို ဂရိဘာသာမှာ Lustitia (သို့မဟုတ်) Justitia လို့ ခေါ်ဆိုကြပြီး ဂရိဒဏ္ဍာရီလာ နတ်ဘုရားတပါးလည်း ဖြစ်ပါတယ်။ ဂရိနဲ့ ရောမဘုရင် Augustus က ဘီစီ ၁၃ ရာစုလောက်မှာ သူမကို ဗိမာန်ချီးမြှင့်တည်ဆောက်ပေးခဲ့ပြီး ဘာသာရေးကိုးကွယ်မှုတွေအရ ပေါ်ပေါက်လာတဲ့ နတ်ဘုရားတပါး မဟုတ်ပါဘူး။
Ref: interestingfacts.tv