လူသားတွေနဲ့ တိရစ္ဆာန်တွေဆိုတာဟာ ရှေးယခင်တည်းက အချင်းချင်း မှီခိုအားထားကြရတဲ့ ဆက်ဆံမှုမျိုးဖြစ်ပြီး အခုလို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ် တိုင်အောင်လည်း တိရစ္ဆာန်တွေဟာ လူသားတွေအတွက် ကူညီအကျိုးပြုနေဆဲပါ။
ဒါကြောင့်မို့လို့ လူသားတွေအတွက် ကူညီ အကျိုးပြုကြတဲ့ တိရစ္ဆာန်များအကြောင်း ဧရာဝတီ စာဖတ်ပရိသတ်များအတွက် ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) မြွေ
အန္တရာယ်အရှိဆုံး တိရစ္ဆာန်တမျိုးဖြစ်တဲ့ မြွေဟာ လူသားတွေအတွက် အကျိုးပြုကူညီပေးနေတယ်ဆိုတာကတော့ အံ့အားသင့်စရာပါပဲ။ မြွေရဲ့အဆိပ်ဟာ မြွေဆိပ်ဖြေဆေးအဖြစ် ဆေးပညာပိုင်းဆိုင်ရာမှာ အသုံးပြုကြသလို နောက်ဆုံး လေ့လာစမ်းသပ်ချက်တွေအရဆိုရင် မြွေရဲ့အဆိပ်မှာ ပါဝင်တဲ့ cytotoxic ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် အနာဂတ်မှာ ကင်ဆာရောဂါအတွက် အသုံးပြုလာနိုင်မယ်လို့ သိရပါတယ်။
(၂) ပင်လယ်ဖျံ
ပင်လယ်ဖျံတွေဟာ သင်ယူနားလည်နိုင်စွမ်းနဲ့ ဉာဏ်ရည်မြင့်မားမှုတွေကြောင့် ရေတပ်တွေရဲ့ လေ့ကျင့်ပေးမှုကို ခံကြရလေ့ရှိပါတယ်။ ရန်သူ ရေငုပ်သမားတွေကို အလွယ်တကူ ခြေရာခံနိုင်ကြတဲ့ ပင်လယ်ဖျံတွေဟာ သူတို့ရဲ့ ခြေထောက်တွေကို အသုံးပြုကာ ရန်သူကို မလွှတ်တမ်း ချုပ်ထားကြပြီး လူတွေရဲ့စစ်ကူကို စောင့်တတ်တဲ့ ကူညီ လုပ်ကိုင်ပေးမှုတွေကြောင့် အမေရိကန်ရေတပ်မှာ အများဆုံး အသုံးပြုခိုင်းလေ့ ရှိပါတယ်။
(၃) တင်ကျီးငှက်
ပင်လယ်ကမ်းခြေတွေမှာ နေထိုင်ကြပြီး ပင်လယ်ငှက် မျိုးစိတ်တမျိုးဖြစ်တဲ့ တင်ကျီးငှက်တွေကို ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ ငါးဖမ်းဖို့အတွက် လေ့ကျင့် အသုံးပြုလေ့ ရှိကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တင်ကျီးငှက်တွေကို ငါးဖမ်းတဲ့အခါမှာ လေ့ကျင့်အသုံးပြုခဲ့ကြတာဖြစ်ပြီး ရေထဲမှာ လျင်လျင်မြန်မြန် ကူးခတ်နေတဲ့ ငါးတွေကိုပါ အလွယ်တကူဖမ်းယူနိုင်ကြတဲ့ အားသာချက်ကြောင့် ငါးဖမ်းလုပ်ငန်းတွေမှာ အသုံံးပြုကြတာပဲ ဖြစ်ပါတယ်။
(၄) ကြွက်
ကြွက်မျိုးစိတ် အားလုံးနီးပါးခန့်ဟာ ရှေးယခင် အဆက်ဆက်တည်းက ဆေးပညာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုခဲ့ကြပြီး ဓာတ်ခွဲခန်းသုံး ကြွက်တွေအဖြစ် သေချာစွာမွေးမြူကာ သိပ္ပံပညာရပ်ဆိုင်ရာတွေမှာပါ အသုံးပြုနေကြတာဟာ ယနေ့အထိတိုင် ဖြစ်ပါတယ်။
(၅) ခွေး
လူသားတွေနဲ့ နီးနီးကပ်ကပ် ရှိလှပြီး သင်ယူနိုင်မှုစွမ်းအား မြင့်မားကြတဲ့ ခွေးတွေဟာဆိုရင် ရှေးယခင်တည်းက အမဲလိုက်ရာမှာ လေ့ကျင့် အသုံးပြုခဲ့ကြပြီး လက်ရှိအချိန်မှာ ဆိုရင်လည်း ရာဇဝတ်သားတွေကို ဖမ်းဆီးတဲ့ အခါမျိုးတွေနဲ့ ဖောက်ခွဲပစ္စည်းတွေ ရှာဖွေတဲ့အခါမျိုးတွေမှာ လေ့ကျင့်အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
Ref: listaka.com