အခုဖော်ပြပေးမယ့် ပြတိုက်တွေဟာ ကြည့်ရှုသူတွေအတွက် ကမ္ဘာဦးအစက ရှင်သန်ခဲ့တဲ့ ထူးခြားတဲ့ သတ္တဝါတွေရဲ့ တစိတ်တဒေသကို ပြန်လည် ခံစားရစေနိုင်မှာပါ။ ဒါ့အပြင် ဒီပြတိုက်တွေဟာ ဆန်းပြားတဲ့ သတ္တဝါကြီးတွေရဲ့ သတင်းအချက်အလက်တွေကိုပါ ထားရှိပေးထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသူတွေအတွက် ဗဟုသုတ ရရှိစေနိုင်မယ့် ပြတိုက်တွေလည်း ဖြစ်ပါတယ်။
(၁) Paleo Lab
Texas ပြည်နယ် Perot ပြတိုက်မှာ ရှိတဲ့ Paleo Lab ဟာဆိုရင် Tyrannosaurus Rex အမျိုးအနွယ် တခုဖြစ်တဲ့ Nanuqsaurus ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကိုပြသထားတာဖြစ်ပြီး ပြတိုက်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Diplodocus, Velociraptor နဲ့ T.Rex စတဲ့ ဒိုင်နိုဆောတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အနီးကပ်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။
(၂) Smithsonian Museum
Washington , D.C. မှာ တည်ရှိတဲ့ Smithsonian အမျိုးသားသဘာဝပြတိုက်ကို ၁၉၁၀ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြတိုက်ကို “ရှားပါးသတ္တဝါများ စုဝေးရာ”အဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ Triceratops နဲ့ T.Rex တို့ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ပြသထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်ဇွန်လမှာတော့ “အမေရိကန်ရဲ့ နောက်ဆုံး ဒိုင်နိုဆောမျိုးစိတ်များ” ဆိုတဲ့ အစီအစဉ် စတင်မှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာတော့ အမေရိကန် အနောက်ဘက်ပိုင်းဒေသမှာ တူးဖော်ရရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပေါင်းများစွာကို ထပ်မံလေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။
(၃) The Field Museum
Illinois ပြည်နယ် Chicago မြို့မှာတည်ရှိတဲ့ ပြတိုက်တခုဖြစ်ပြီး titanosaur ကို တွေ့ရှိနိုင်မယ့် နေရာ တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြတိုက်မှာ Maximo လို့ ခေါ်တဲ့ ၁၂၂ ပေရှည်လျားတဲ့ titanosaur ကို တွေ့မြင်နိုင်မှာဖြစ်ပြီး အဲဒီရုပ်ကြွင်းဟာ တွေ့ရှိခဲ့ရသမျှ ရုပ်ကြွင်းတွေထဲမှာ အခုအချိန်ထိ အကြီးမားဆုံးအဖြစ် မှတ်တမ်းတခု ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။
ပြတိုက်အနေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အသက် ၆ နှစ်နဲ့ ၁၂ ကြား ကလေးငယ်တွေ ကို လာရောက်ကြည့်ရှုဖို့ လေ့လာရေးခရီးတခု စီစဉ်ပေးခဲ့နိုင်တာလည်း ဖြစ်ပါတယ်။
Ref: www.rd.com