Social Media တွေပေါ် မတင်သင့်တဲ့ အကြောင်းအရာများ
Social Media တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အရှိန်အဟုန်ကောင်းကောင်း စီးဆင်းနေတဲ့ Digital ရေစီးကြောင်းတခုဖြစ်နေပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း Facebook အပါအဝင် ဆိုရှယ်မီဒီယာတွေ သုံးစွဲမှုဟာ အများအပြား ရှိနေပါတယ်။
ဒီလို အသုံးပြုမှုတွေ များလာတာနဲ့အမျှ လူအများစုဟာ Social Media တွေပေါ်က သတင်းတွေကို ယုံကြည်မှုများလာကြတဲ့အပြင် တယောက်နဲ့တယောက် ဝေဖန်တိုက်ခိုက်မှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့်မို့လို့ Social Media တွေပေါ် မတင်သင့်တဲ့ အကြောင်းအရာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေနဲ့ အကြောင်းအရာများ
လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေနဲ့ အကြောင်းအရာတွေကို Social Media တွေပေါ်တင်ခြင်းဟာ မိမိရဲ့လုပ်ငန်းခွင်မှာရော လူမှုဆက်ဆံရေးမှာပါ ထိခိုက်စေပြီး အလုပ်ထဲမှာ အာရုံစူးစိုက်မှု နည်းလာတာမျိုးတွေအပြင် အလုပ်လုပ်ရာမှာ တက်ကြွမှု မရှိတာမျိုးတွေကိုပါ ခံစားလာရစေနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲက ပြဿနာတွေကို Social Media ပေါ် တင်ခြင်းဟာ မိမိအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုမိုရရှိစေနိုင်ပါတယ်။
(၂) သတင်းအမှားများ တင်ခြင်း (သို့မဟုတ်) မှတ်ချက်များ ဝင်ရေးခြင်း
အခုနောက်ပိုင်းမှာ ဆိုရင် Social Media တွေပေါ်က သတင် းမီဒီယာတွေသာမကဘဲ ဘယ်လို အကြောင်းအရာမျိုးပဲဖြစ်ဖြစ် သူ့ထက်ငါ သတင်းဦး သတင်းဖျားတွေကို အလုအယက်ဆိုသလို တင်တတ်ကြလေ့ရှိပါတယ်။ သင့်အနေနဲ့ ဒီလိုသတင်းမျိုးတွေကို မကြာခဏ Sharing လုပ်ခြင်းနဲ့ ခိုင်လုံမှု မရှိတဲ့ အကြောင်းအရာတွေပေါ် ဝင်ရောက် မှတ်ချက်ပေးတာမျိုးတွေဟာ ရေရှည်မှာ မိမိရဲ့ Image ကို ထိခိုက်စေနိုင်တဲ့အပြင် ယုံကြည်မှုတွေကိုပါ ပျက်ပြားစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) မိမိရဲ့ အတွင်းရေး ပြဿနာများ တင်ခြင်း
မိမိရဲ့ကိုယ်ပိုင်ပြဿနာ အများစု (ဥပမာ- ချစ်သူနဲ့ အဆင်မပြေတာ၊ မိသားစုနဲ့ အဆင်မပြေတာ) အစရှိတာတွေကို Social Media တွေပေါ် တင်ခြင်းဟာ မိမိရဲ့ပြဿနာတွေကို ဖြေရှင်းနှစ်သိမ့်ပေးနိုင်မယ့် သူတွေထက် ဝေဖန်ပြောဆိုဖို့လူတွေကသာ များလှတာကြောင့် မကြာခဏ ဆိုသလို တင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) လူမျိုးရေး၊ ဘာသာရေး၊ အမုန်းစကားများ တင်ခြင်း
နောက်ထပ် သတိထားရမယ့် အကြောင်းအရာတခုကတော့ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမုန်းပွားစေမယ့် အကြောင်းအရာတွေကို Social Media တွေပေါ် ဖြန့်ဝေခြင်းဟာ မိမိရဲ့ Image ကိုထိခိုက်စေနိုင်တဲ့အပြင် တခါတရံမှာ Cyberbullying ဖြစ်သွားစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
Ref: www.inc.com