အမျိုးသမီးလစဉ်သုံး ပစ္စည်းရဲ့ အခြားအသုံးဝင်ပုံများ
အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို တချိန်က အမျိုးသားတွေဟာ မကိုင်ချင်ကြပေမယ့် ယခုအချိန်မှာတော့ ဒါတွေကို ကျန်းမာရေးအရ အသုံးပြုရတယ်ဆိုတာကို လက်ခံနေကြပါပြီ။ ဒီပစ္စည်းဟာ ရေများကို စုပ်ယူနိုင်ပြီး အတွင်းသားနဲ့ ဘေးဖက်ကိုလည်း ရေမယိုစိမ့်အောင် ပြုလုပ်ထားတာကြောင့် သာမန် ပုဝါတွေထက် ပိုမိုထူထဲနေရတာ ဖြစ်ပါတယ်။ ဒီတခါမှာတော့ အမျိုးသမီး လစဉ်သုံးပစ္စည်းရဲ့ အခြားအသုံးဝင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အံဆွဲမှာ အနံ့ကင်းအောင်း ပြုလုပ်ခြင်း
သင့်ခြေအိတ်နဲ့ အခြား အသုံးအဆောင်တွေကို ထည့်တဲ့ အံဆွဲတွေမှာ အနံ့ဆိုးတွေ ထွက်နေတတ်ပါတယ်။ ပစ္စည်းတွေကို ထုတ်ပြီး သန့်ရှင်းရေးလုပ်ရင်တောင် အနံ့ မပျောက်တာမျိုးတွေကို ကြုံတွေ့လေ့ရှိတယ် ဆိုရင်တော့ အမျိုးသမီးလစဉ်သုံး ပစ္စည်းထဲကို သင်အကြိုက်ဆုံး ရေမွှေးကို ဖြန်းပြီး အံဆွဲထဲကို ထည့်ထားဖို့ အကြံပေးချင်ပါတယ်။ ဒါဆိုရင် နောက်တခါ သင်အံဆွဲဖွင့်တိုင်း သင်ကြိုက်တဲ့ အမွှေးနံ့ကို အမြဲရနေမှာ သေချာပါတယ်။
(၂) ဖနောင့်ပေါက်တာကို ကာကွယ်ခြင်း
ဘွတ်ဖိနပ်စီးတဲ့ အခါ ဒါမှမဟုတ် နောက်က အပိတ်ပါတဲ့ ဒေါက်ဖိနပ်တွေကို စီးတဲ့အခါ ဖနောင့်မှာ အသားပဲ့တာတွေ ဖြစ်လေ့ ရှိပါတယ်။ လစဉ်သုံးပစ္စည်းဟာ အနောက်ဖက်အခြမ်းမှာ ကပ်ခွာပါပြီး အရှေ့ပိုင်း အသားက နူးညံ့တာကြောင့် သင့်ဖိနပ်မှာ လိုအပ်သလို ညှပ်ပြီး ကပ်ထားရင် သင်ဖနောင့်ပေါက်တာ သိသိသာသာ သက်သာလာပါလိမ့်မယ်။
(၃) ချွေးထွက်တာကို လူမသိအောင် ကာကွယ်ခြင်း
အရမ်းပူတဲ့ အချိန်မျိုးမှာ ချိုင်းက ချွေးတွေ အကွက်လိုက် ဖြစ်တာက သင့်ကို အကျည်းတန်စေပါတယ်။ ဒါတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းကတော့ အမျိုးသမီး လစဉ်သုံးပစ္စည်း (သို့မဟုတ်) နေ့စဉ်သုံးပစ္စည်းကို သင့်အင်္ကျီ လက်မောင်းနေရာမှာ ကပ်ထားလိုက်ရုံပါပဲ။ ဒီပစ္စည်းလေးက သင့်ရဲ့ ချွေးတွေကို စုတ်ယူထားမှာမလို့ သင်ယုံကြည်မှုရှိရှိ သွားလာလို့ အဆင်ပြေပါပြီ။
(၄) သက်သောင့်သက်သာ မဖြစ်တဲ့ Bra
ဒီကိစ္စက အမျိုးသမီးတွေမှာ မကြာခဏကြုံတွေရတတ်တဲ့ အရာတခုပါ။ ဈေးသုံးရင်း စိတ်ထဲ သဘောကျလို့ ဝယ်ခဲ့မိတဲ့ Bra က အိမ်ရောက်တော့မှ ဝတ်လို့ မကောင်းတာတွေ ဖြစ်တတ်ပါတယ်။ တချို့ Bra တွေမှာ သံပျော့ပါတာကြောင့် အဲ့ဒီသံပျော့ဟာ အသားကို ထိုးမိရင် တနေကုန် နာနေတတ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ Bra တွေကို မလွှင့်ပစ်ဘဲ ဆက်ဝတ်ချင်တယ်ဆိုရင် သံပျော့ ပတ်ပတ်လည်မှာ အမျိုးသမီး လစဉ်သုံးပစ္စည်းကို လိုက်ကပ်ရုံပါပဲ။
(၅) အခြား နည်းလမ်းကောင်းများ
လစဉ်သုံး ပစ္စည်းကို သွေးထွက်သံယို မတော်တဆ ဖြစ်ပွားရင် အနာကပ် ပလာစတာ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းတွေဟာ အရည်စုပ်ယူအား ကောင်းတာကြောင့် ကိုယ်ကိုယ်တိုင် သန့်ရှင်းရေး လုပ်ရခက်တဲ့ နေရာတွေမှာ ဆီဖိတ်တာတွေ ဖြစ်ခဲ့ရင် လစဉ်သုံးပစ္စည်းနဲ့ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။
ခရီးသွားတဲ့အချိန် မှန်ပါတဲ့ ပစ္စည်းတွေ ကွဲမှာ ကြောက်ရင် လစဉ်သုံးပစ္စည်းနဲ့ ပတ်ထားလို့ ရသလို သင်ပိုက်ဆံတွေ ပျောက်မှာကို စိုးရိမ်ရင်လည်း လစဉ်သုံးပစ္စည်းအိတ်ထဲ ဝှက်ထားလို့ ရပါသေးတယ်။ သင့်လစဉ်သုံးပစ္စည်းထဲ ပိုက်ဆံဝှက်ထားမယ်လို့ ဘယ်ဓားပြကမှ မသိနိုင်လို့ သူခိုး၊ ဓားပြ အန္တရာယ်လည်း ကင်းပါတယ်။
Ref; lifehacks.com