ယနေ့ခေတ်မှာ လူတိုင်း နေ့စဉ် ထိတွေ့ဖြစ်နေတာက အီလက်ထရောနစ် ပစ္စည်းတွေပါ။ ဖုန်း ခဏခဏ ပျက်တာ၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြာခဏ ကြုံရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက သင်သတိမထားဘဲ လုပ်မိနေတဲ့ အချက်တွေကြောင့် ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြပေးမယ့် အမူအကျင့်တွေကို သင် မကြာခဏ လုပ်လေ့ရှိတယ်ဆိုရင် သင့်အီလက်ထရောနစ် ပစ္စည်းတွေ ထပ်ပြီး ပျက်နေဦးမှာပါ။
(၁) ရေချိုးခန်းထဲ ဖုန်းယူသွားခြင်း
ဒါကတော့ လူတိုင်းနီးပါးကို လုပ်မိနေတဲ့ အလေ့အကျင့်ပါ။ တချို့ရေချိုးခန်းတွေဟာ အိမ်သာပါ တခါတည်း တွဲထားတာ ဖြစ်လို့ ပိုးမွှားတွေ အရမ်းကို ပေါပါတယ်။ အိမ်သာ သို့မဟုတ် ရေချိုးခန်းထဲကို ၅ မိနစ်လောက် ဖုန်းယူသွားတာဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ရေချိုးခန်းထဲ ဖုန်းယူသွားတာဟာ သင့်ဖုန်းက ရေစိုခံဖြစ်နေရင်တော့ ကိစ္စ မရှိပေမယ့် ရေစိုခံ မဟုတ်တဲ့ ဖုန်းရေစိုသွားရင် သင်ပိုက်ဆံကုန်ဖို့သာ ပြင်ထားပါတော့။
(၂) Laptop အနားမှာ အစားစားခြင်း
သင်အလုပ် ဘယ်လောက်ပဲရှုပ်ရှုပ် သင့် Laptop အနားမှာ အစားမစားသင့်ပါဘူး။ သင်က ဘယ်လောက်ပဲ စည်းကမ်းရှိရှိ စားတယ် ပြောပြော မုန့်အမှုန်တွေဟာ သင့် Laptop ပေါ်ကျကို ကျမှာပါ။ နေ့တိုင်း ဒီလို လုပ်နေတယ်ဆိုရင် သင့်ကီးဘုတ်က တဆင့် မုန့်အမှုန့်တွေဟာ Laptop အတွင်းထဲထိ ကျပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို စားခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ တနေကုန် အလုပ်လုပ်နေပြီး အစားစားတဲ့ အချိန်လေးတော့ သင့်ကိုယ်သင် ဂရုတစိုက် အချိန်ပေးပြီး စားဖို့ အကြံပြုချင်ပါတယ်။
(၃) ဖုန်းကို တညလုံး အားသွင်းခြင်း
သင့်ဖုန်းကို သင် တနှစ်လောက်ပဲ သုံးချင်ရင်တော့ ရပါတယ်။ ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ သင်ဟာ သင့်ဖုန်းကို တာရှည်ခံစေချင်တယ်ဆိုရင်တော့ တညလုံး အားသွင်းတာဟာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ လူတိုင်းနီးပါးဟာ ညအိပ်ခါနီးမှာ ဖုန်းကို အားသွင်းထားခဲ့ပြီး အိပ်လေ့ ရှိကြပါတယ်။
နောက်ပိုင်း ထွက်လာတဲ့ ဖုန်းတွေမှာ သင့်ဖုန်းအားပြည့်ရင် အားသွင်းခြင်းကို အလိုအလျောက် ဖြတ်တောက်တဲ့ စနစ် ပါဝင်ပေမယ့် ညတိုင်းဒီလို လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းရဲ့ Battery ကို ထိခိုက်မှာ သေချာပါတယ်။ ဒါ့အပြင် ဖုန်းအား လုံးဝ ကုန်တဲ့အထိ အားမသွင်းပဲ နေခြင်းကလည်း သင့်ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။
(၄)Laptop ကို အိပ်ယာပေါ် တင်သုံးခြင်း
အလုပ်ဆင်း၊ ကျောင်းဆင်းပြီး အားလပ်တဲ့အခါ ဇာတ်ကားတွေ ကြည့်ဖို့ Laptop တွေကို အိပ်ယာပေါ် ယူလာလေ့ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ သင်သတိမထားမိပေမယ့် သင့် Laptop မကြာခဏ ချို့ယွင်းရတဲ့အချက်ပဲ ဖြစ်ပါတယ်။ Laptop တွေဟာ လေဝင်ဖို့ လိုပါတယ်။ သင့်အိပ်ယာထဲမှာ လုံးဝ လေဝင်ပေါက် မရှိဘဲ ထားတယ်ဆိုရင် Laptop အပူချိန် လွန်ကဲခြင်းတွေ ဖြစ်တတ်ပြီး အလုပ်သေချာ လုပ်တော့မှာ မဟုတ်ပါဘူး။
(၅) ကြုံရာ အားသွင်းကြိုးကို သုံးခြင်း
သင့်လက်ထဲ ဖုန်းရောက်ပြီးကတည်းက သင့်အားသွင်းကြိုး မဟုတ်ဘဲ အသိမိတ်ဆွေရဲ့ အားသွင်းကြိုးနဲ့ ဘယ်နှကြိမ်လောက် အားသွင်းခဲ့ပြီးပြီလဲဆိုတာ မှတ်မိပါသလား။ ဟုတ်ပါတယ်။ မမှတ်မိနိုင်လောက်အောင်ကို များနေမှာ သေချာပါတယ်။ တကယ်တော့ သင့်ဖုန်းရဲ့ အားသွင်းပေါက်မှာ ပါဝင်တဲ့ ဆားကစ်ပြားလေးဟာ သင့်အားသွင်းကြိုးအတွက် ပြုလုပ်ထားတာ ဖြစ်လို့ တခြားအားသွင်းကြိုးတွေနဲ့ သွင်းပါများတဲ့အခါ သင့်ဖုန်း အတွင်းပိုင်းကို တဖြည်းဖြည်း ထိခိုက်လာစေပါတယ်။
Ref;mmn.com