နှစ်စဉ် လူသန်းပေါင်းများစွာဟာ သားရဲတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ နေရာတွေမှာ သတိပေးချက်စာတွေ ထုတ်ပြန်ထားရသလို အဲဒီနေရာတွေကို ဖြတ်သန်းမသွားကြဖို့ တားမြစ်ထားပါတယ်။
တခါတလေ တားမြစ်ထားတဲ့နေရာတွေ မဟုတ်ဘဲ ရုတ်တရက် သားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံရတတ်ပါတယ်။ ဒီလို ရုတ်တရက် ဖြစ်လာတဲ့ မမြင်ရတဲ့အန္တရာယ်တွေကို လျှပ်တပြက် ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
(၁) ငါးမန်း
ရုတ်တရက် တိုက်ခိုက်လာတဲ့ သားရဲတွေထဲမှာ ငါးမန်းနဲ့ ရင်ဆိုင်ရတာ အများဆုံးလို့ သိရပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပင်လယ်ကမ်းခြေကို သွားလည်ပတ်တဲ့အခါ ရင်ဆိုင်ကြုံတွေ့ရတာပါ။ အဆိုးထဲက သတင်းကောင်းကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ငါးမန်းအမျိုးအစားပေါင်း ၁၅၀ ထဲက ၂၀ လောက်ပဲ လူကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ တိုက်ခိုက်မှုရဲ့ အဓိက အကြောင်းရင်းကတော့ အစားအစာ မလုံလောက်ရာက စတင်ပါတယ်။
တကယ်လို့ သင် ငါးမန်းနဲ့ ရင်ဆိုင်တွေ့ပြီဆိုရင် လွတ်မြောက်ဖို့လမ်း အရမ်းနည်းပါတယ်။ ကံဆိုးစွာနဲ့ ရင်ဆိုင်ရပြီ ဆိုရင်လည်း သင့်ကိုယ်ပေါ်ကနေ သွေး ဒါမှမဟုတ် ကျင်ငယ်ရည်မထွက်ဖို့ သတိထားပါ။
ငါးမန်းတွေက အနံ့ခံနိုင်စွမ်း အရမ်းကောင်းတာကြောင့် ချက်ချင်း သင်ရှိရာနေရာကို နောက်ယောင်ခံ နိုင်ပါလိမ့်မယ်။ ငါးမန်း ရင်ဆိုင်တွေ့ပြီ ဆိုရင် ဘယ်တော့မှ နောက်ကျော မပေးပါနဲ့။ မျက်နှာချင်းဆိုင်နေပြီး တဖြည်းဖြည်းနဲ့ လွတ်ရာကို ရှောင်ထွက်ပါ။ ငါးမန်းတို့ရဲ့ သဘာဝကိုက နောက်ကျောပေးထားရင် သူတို့ရဲ့ အစာအဖြစ် သတ်မှတ်ကြပါတယ်။
(၂) ဆင်ရိုင်း
တကယ်လို့များ ဆင်ရိုင်းတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ရင် သူတို့ရဲ့ အမူအရာကို ကြည့်ပြီး လှုပ်ရှားပါ။ ဆင်တွေဟာ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ ဖြစ်တဲ့အတွက် အကြောင်းမဲ့သက်သက် လူတွေကို တိုက်ခိုက်လေ့ မရှိပေမယ့် သူတို့ကို အန္တရာယ်ပြုနိုင်တယ်လို့ ယူဆခဲ့ရင်တော့ အထူးသဖြင့် ဆင်အမ တွေက ဒေါသထွက် ပြန်တိုက်ခိုက်လေ့ ရှိတာပါ။ တိုက်ခိုက်လာခဲ့ရင် ထွက်မပြေးပါနဲ့။ သင်နဲ့ ဆင်ကြားမှာ ကျောက်တုံး (သို့မဟုတ်) သစ်ပင်ခပ်ကြီးကြီး တခုခံပြီး အကာအကွယ် ယူလိုက်ပါ။
(၃) ကြံ့
ကြံ့ဆိုတဲ့ သတ္တဝါက ကြီးမား ကြံ့ခိုင်သလောက် အမြင်အာရုံ အားနည်းပါတယ်။ ဒါပေမဲ့လည်း အလေးချိန်များလို့ မပြေးနိုင်ဘူး မထင်လိုက်ပါနဲ့။ သူတို့ တကယ်တမ်း ပြေးပြီဆိုရင် အမြန်ဆုံး တနာရီကို ကီလို ၆၀ လောက်ထိ ပြေးနိုင်ပါတယ်။ ဒါကြောင့် သူတို့ တိုက်ခိုက်လာပြီဆိုရင် သူတို့နဲ့ဝေးရာကို ပြေးနိုင်သလောက် ပြေးကြည့်ဖို့ မကြိုးစားပါနဲ့။ သစ်ပင် ခပ်ကြီးကြီး ဒါမှမဟုတ် ကျောက်တုံးနောက်မှာ ဝင်ပုန်းနေလိုက်မှ သူတို့ မမြင်တော့ဘဲ ဆက်မလိုက်တော့တာပါ။
(၄) ရေမြင်း
ရေမြင်းတွေက မိကျောင်းတွေလောက် မဆိုးသွမ်းတာမလို့ တိုက်ခိုက်ခံရသူ မရှိသလောက်နည်းပါတယ်။ တကယ်လို့ ရေမြင်းတိုက်ခိုက်ခံရမယ်ဆိုရင် မြင့်တဲ့နေရာတွေပေါ် တက်ပြေးပါ။ ရေမြင်းတွေက သူတို့ ခန္ဓာကိုယ်ထက် မြင့်တက်နေရာတွေဆို လက်လှမ်း မမှီဘူးလို့ သတ်မှတ်ကြပါတယ်။
(၅) မိကျောင်း
နောက်ထပ် တိုက်ခိုက်ခံရမှု အများဆုံးနဲ့ အန္တရာယ်အကြီးဆုံးကတော့ မိကျောင်းတွေပါ။ ရေထဲမှာသာမက ကုန်းပေါ်မှာပါ အားကြီးတဲ့ သတ္တဝါမလို့ ရင်ဆိုင်ဖို့တော့ ခက်ခဲပါတယ်။ တကယ်လို့ ရေထဲမှာ (သို့မဟုတ်) ရေစပ်မှာ တိုက်ခိုက်ခံရတယ်ဆိုရင် သူတို့ရဲ့မျက်လုံးကို အားပြင်းပြင်းနဲ့ ဆွဲထိုးပါ။ မျက်လုံးက မိကျောင်းရဲ့ အထိအခိုက်မခံ နေရာမလို့ သင့်လွတ်မြောက်နိုင် ပါတယ်။ ကုန်းပေါ်မှာဆိုလည်း အပြေးမြန်တဲ့ထဲ ပါတာကြောင့် ရင်ဆိုင်ရပြီဆိုရင် တည့်တည့်မပြေးဘဲ zigzag ပုံပြေးရင် သူတို့ မလိုက်နိုင်ပါဘူး။
(၆) ပျား
တောထဲတောင်ထဲသွားရင် အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ ပျားအန္တရာယ်လည်းရှိပါတယ်။ ပျားတွေက အထူးသဖြင့် မဲမဲမှောင်မှောင် အရောင်တွေကို တိုက်ခိုက်လေ့ ရှိတာမို့ အမည်းရောင်ထက် အရောင်လွင်တဲ့ အထူးသဖြင့် အဖြူရောင်အင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။ တကယ်လို့ သင့်နောက်ကို ပျားတွေလိုက်လာပြီဆိုရင် အလင်းရောင်အားနည်းတဲ့ နေရာ အမြန်ရှာပြီး ပုန်းနေရင် သူတို့ မလိုက်နိုင်တော့ပါဘူး။
Ref: Brightside Me