ရုပ်ရှင်ချစ်သူတွေ မကြာခဏကြုံရတဲ့ ပြဿနာက စည်းကမ်းမသိတဲ့ လူတွေနဲ့ ရုပ်ရှင် အတူတူ ကြည့်ရတာပါပဲ။ အထူးသဖြင့် ပိတ်ရက်တွေမှာ ပိုဆိုးပါတယ်။
တချို့တွေဟာ ရုပ်ရှင်ကို အမှန်တကယ် နှစ်သက်တာ မဟုတ်ဘဲ ခေတ်မှီချင်လို့ လာကြည့်တာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ရုပ်ရှင်ရုံမှာ ကြည့်ရင် လိုက်နာရမယ့် စည်းကမ်းတွေကို ဖော်ပါပေးချင်ပါတယ်။ ရုပ်ရှင်ချစ်သူတွေ အားလုံး စိတ်ချမ်းသာစွာ ရုပ်ရှင်ကြည့်နိုင်ဖို့ ရည်ညွှန်းဖော်ပြချင်ပါတယ်။
(၁) အချိန်မှီအောင် သွားပါ
ရုံမှာမှ သွားကြည့်မယ်ဆိုရင်တော့ အချိန်မှီအောင် သွားဖို့ တိုက်တွန်းချင်ပါတယ်။ ရုပ်ရှင်ချိန်မမှီတာဟာ မမှီတဲ့ သင့်အတွက် ဇာတ်ဝင်ခန်းတွေ လွတ်သွားနိုင်ပါတယ်။ ဒါ့အပြင် သင်ကနောက်ကျတဲ့အတွက် မီးပိတ်ထားပြီဖြစ်တဲ့ ရုံအတွင်းကို သင်ဝင်တဲ့ အခါ ထိုင်နေတဲ့ သူတွေအတွက် အာရုံနောက်စေပါတယ်။
သင့်ကို လမ်းဖယ်ပေးရတာ၊ သင်က ပရိုဂျက်တာကို ကွယ်ပြီး သွားတာတွေရယ်က ရုပ်ရှင်ကို စိတ်ဝင်တစား ကြည့်သူတွေအတွက် စိတ်ဒုက္ခကို ဖြစ်စေပါတယ်။ ရုပ်ရှင်ကြည့်မယ်လို့မှ စိတ်ကူးထားရင်တော့ သင့်တာဝန်က အချိန်မှီအောင် သွားဖို့ပဲ ရှိတာပါ။
(၂) ဖုန်းသုံးခြင်း
သင်က ရုံထဲကို အချိန်မှီတော့ ရောက်ပါရဲ့။ ပြနေတဲ့ ဇာတ်ကားကို မကြည့်ဘဲ ဖုန်းသုံးနေတာမျိုးဟာ အလွန်ရိုင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ သင်ဟာ မြန်မာကား ပရိသတ်ဆိုရင် မြန်မာကားပဲ ကြည့်ပါ။ သင်စိတ်မဝင်စားတဲ့ တခြားဇာတ်ကားတွေကို မကြည့်ဘဲ ဖုန်းသုံးဖို့ အတွက်တော့ လက်မှတ် မဝယ်ဖို့ ပြောချင်ပါတယ်။
(၃) ဖုန်းပြောခြင်း
နောက်ထပ်ဆိုးတာ တခုက ဖုန်းပြောတာပါ။ ရုပ်ရှင်ရုံသွားပြီး ရုပ်ရှင်ကြည့်မယ်ဆိုတာကို သင်နဲ့ သက်ဆိုင်သူအားလုံးကို ရုံထဲ မဝင်ခင်ထဲက ပြောထားဖို့ တိုက်တွန်းချင်ပါတယ်။ ရုံထဲရောက်မှ ဖုန်းကို အကျယ်ကြီးပြောခြင်းဟာ တခြားလူတွေကို အနှောက်အယှက် အရမ်းဖြစ်စေပါတယ်။ သင့်ဖုန်းကို Silent လုပ်ထားဖို့လည်း မမေ့ပါနဲ့။
(၄) နှောက်ယှက်သူ မဖြစ်ပါစေနဲ့
ဒါကတော့ များသောအားဖြင့် အတွဲတွေပါ။ တီတီတာတာ စကားလေးတွေ ပြောနေတာက အပြင်မှာ ချစ်ဖို့ကောင်းပေမယ့် ရုပ်ရှင်ရုံထဲမှာတော့ တော်တော် စိတ်ပျက်စရာကောင်းတာပါ။ ဒါ့အပြင် သင်ထိုင်နေခုံရဲ့ အရှေ့ခုံကို ခြေထောက်တင်တာ၊ ကန်တာမျိုးတွေဟာ အမှန်တကယ်ရိုင်းတဲ့ အမူအကျင့်ပါ။ ခြေဆန့်လက်ဆန့် အေးဆေးကြည့်ချင်ရင် အခွေထွက်မှ အိမ်မှာ ဝယ်ကြည့်စေချင်ပါတယ်။
နောက်ပြီး ဇာတ်ကားတခုကို မကြည့်ခင် လေ့လာစရာရှိတာတွေ ကြိုတင်လေ့လာသွားဖို့ပါပဲ။ သင်နဲ့ တူတူသွားတဲ့လူကို မေးမြန်းနေတာက တခြားလူအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်ပြီး သင့်မှာ အသက်ငယ်တဲ့ ကလေးပါ လာရင်လည်း ရုပ်ရှင်ရုံအတွင်းမှာ သင့်ကလေးက ငိုနိုင်လို့ သင့်ကိုရော သူများကိုပါ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
(၅) အပေါ့ထသွားတာကို ရှောင်ပါ
သဘာဝတရားကြီးက ပြုလုပ်ထားပေးတဲ့ အရာမလို့ ရုပ်ရှင်ကြည့်ရင်း အပေါ့သွားချင်စိတ်ကို အပြစ် မတင်နိုင်ပါဘူး။ ဒါပေမယ့် သင်ဟာ မကြာခဏ အပေါ့သွားတတ်သူ ဆိုရင်တော့ ရုပ်ရှင်မစခင် သွားထားဖို့နဲ့ ရုပ်ရှင်ကြည့်နေချိန်မှာ အရည်တွေ အများကြီးမသောက်ဖို့ အကြံပေးချင်ပါတယ်။
သင်က အရမ်းအေးရင် အပေါ့သွားတတ်တဲ့သူဆိုရင် အနွေးထည်ယူလာဖို့ တိုက်တွန်းချင်ပါတယ်။ ရုပ်ရှင်ကြည့်နေရင်း အပေါ့ထသွားရင် သင်ကိုယ်တိုင်လည်း ဇာတ်ဝင်ခန်းကောင်းတွေကို လွတ်သွားနိုင်ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ရုပ်ရှင်ပြီးသွားချိန်မှာ ရုပ်ရှင်ရုံ ဧရိယာအတွင်း သင်ကြည့်လာတဲ့ ဇာတ်ကားအကြောင်းပြောတာကို ရှောင်ဖို့ပါပဲ။
မကြည့်ရသေးတဲ့ သူတွေကို ကူညီတဲ့ အနေနဲ့ ဇာတ်ကားအကြောင်းကို ကြိုမပြောဖို့၊Facebook စတဲ့ လူမှုကွန်ရက်တွေမှာ Review ရေးတဲ့ အခါမှာလည်း “Spoiler Alert” ဆိုတဲ့ စာကို ခံပြီး ရေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ရုပ်ရှင်ကြည့်ပြီးလို့ ပြန်မယ်ဆိုရင် သင်ဖွခဲ့တဲ့ အမှိုက်တွေကို ပြန်သိမ်းခဲ့ဖို့လည်း မမေ့ပါနဲ့။
Ref;movietips.com