Chen Yueqiang နဲ့ Vincent Liu Pan-meng ဆိုတဲ့ လူူငယ်နှစ်ဦးဟာ မိတ်ကပ်ပညာကို စိတ်ဝင်စားတဲ့သူတွေဖြစ်ကြပါတယ်။ Chen ကို “King of make-up transformation” လို့ သူ့ရဲ့ပရိသတ်တွေက ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Chen လို လူငယ်တော်တော်များများဟာ မိတ်ကပ်ပြင်လာကြပါပြီ။
Vincent Liu Pan-meng ကတော့ Shanghai Academy of Fine Arts မှာ တက်ရောက်နေတဲ့ ဒုတိယနှစ် ကျောင်းသားတယောက်ဖြစ်ပြီး နံနက်တိုင်း ကျောင်းမသွားခင် မိတ်ကပ်လိမ်းပါတယ်။ သူ့ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲမှာ နေလောင်ခံခရင်မ် လိမ်းခြင်း၊ ဖောင်ဒေးရှင်း၊ လိုင်နာနဲ့ Contouring လုပ်တာတွေပါတယ်လို့ ဆိုပါတယ်။ သူတို့သင်တန်းက ယောက်ျားလေး မှန်သမျှကလည်း မိတ်ကပ်လိမ်းရပါတယ်တဲ့။
“ကျနော့်အမြင်အရ ယောကျ်ားလေးရော၊ မိန်းကလေးရော သူတို့ရုပ်ရည်နဲ့ ပတ်သက်ပြီး အာရုံစိုက်မှုတွေ ရှိလာတယ်။ မိတ်ကပ် မလိမ်းရင်တောင်မှ ပေါင်ဒါလောက်တော့ လိမ်းကြတယ်”လို့ သူက ဆိုပါတယ်။ တောင်ကိုရီးယားက မိန်းကလေးဆန်ဆန် ချောတဲ့ယောကျာ်းလေးတွေ ပုံစံဟာလည်း တရုတ်ပြည်က ယောကျာ်းလေးတွေကြား ရေပန်းစားလာပါတယ်။
Liu နဲ့ Chen က ယောကျာ်းလေးတွေ မိတ်ကပ်လိမ်းလာရတာဟာ လွှမ်းမိုးလာတဲ့အနုပညာကြောင့် မဟုတ်ဘဲ တရုတ်လူ့အဖွဲ့အစည်းက ရုပ်ရည်သွင်ပြင်ပေါ် အလေးထားလာတာကြောင့် ဖြစ်တယ်လို့ ခံယူထားပါတယ်။
“မိတ်ကပ်လိမ်းခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်တာပဲ ဖြစ်တယ်။ ကျနော့်ပရိသတ် ယောကျာ်းလေးတွေ ရှိတယ်။ ရည်းစား မရတာကြောင့် သူတို့ရုပ်ရည် ဘယ်လိုကြည့်ကောင်းအောင် လုပ်ရမလဲဆိုတဲ့ အကြံဉာဏ်တောင်းကြတယ်”လို့ Chen ကပြောပါတယ်။
ဒါ့အပြင် သူဟာ မိတ်ကပ်နဲ့ တရုတ်နာမည်ကြီး အနုပညာရှင်ဖြစ်တဲ့ Lu Han, Kris Wu, ပေါ်တူဂီဘောလုံးသမား Christiano Ronaldo နဲ့ Comic ဇာတ်ကောင်တွေရဲ့ပုံတွေ ဖန်တီးနိုင်ပါတယ်။ ဒ့ါအပြင် သူကယောကျာ်းလေးတွေအတွက် မျက်ခုံးဆွဲနည်း၊ မေးရိုဖော်နည်း၊ အသားအရေ ထိန်းသိမ်းနည်းစတဲ့ ဗီဒီယိုတွေလည်း တင်ပေးတာကြောင့် Tik Tok မှာလည်း ပရိသတ် ၉၈၉၀၀၀ ယောက် ပိုင်ဆိုင်နေပါပြီ။
ဒီလိုမျိုးတွေကြောင့် သူ့ကို အခြောက်၊ အပုန်းလို့ခေါ်တဲ့ သူတွေလည်း ရှိပါတယ်။ မိတ်ကပ်ပြင်တာကို ရှုံ့ချသူတွေထဲမှာ အွန်လိုင်းက လူတွေတင်မကဘဲ တရုတ်အာဏာပိုင်အချို့ပါ ပါဝင်တာကြောင့် Chen အနေနဲ့ စိတ်ဓာတ်ကျခဲ့ရပါတယ်။ “ကျနော်တို့ရဲ့ ရင့်ကျက်မှုကို ရုပ်ပိုင်းဆိုင်ရာနဲ့ပဲ တိုင်းတာလို့မရသလို ယောကျာ်းပီသမှုကိုလည်း ရုပ်ရည်နဲ့ပဲ တိုင်းတာတာမျိုး မဖြစ်သင့်ပါဘူး” လို့ Chen ကဆိုပါတယ်။
Liu ကတော့ လူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို ဂရုမစိုက်ဘဲ ကိုယ်ဖြစ်ချင်ရာကိုပဲ ဇောက်ချလုပ်ကိုင်သူပါ။ “လူတွေက ကျနော့်ရဲ့ အိုင်ဒီယာနဲ့ ပတ်သက်ပြီး ငြင်းခုန်လေ၊ ကျနော်က ပိုတိုးတက်လေပဲ”လို့ သူက ဆိုပါတယ်။
Liu ဟာ Weibo မှာ follower ၁ သန်းပိုင်ဆိုင်ထားပြီး အားပေးသူတွေ အမြောက်အမြားရှိနေတာကြောင့် သူ့စိတ်ကူးတွေကို ဆက်လက်ပုံဖော်နေမှာပဲ ဖြစ်ပါတယ်။
South China Morning Post တွင် ရေးသားထားသော “Chinese men using make-up a logical response to being judged on looks, bloggers say” သတင်းဆောင်းပါးအား ဘာသာပြန်ဆိုထားသည်။