ဈေးအလွန်အကျွံဝယ်တဲ့ အကျင့်ကို တားဆီးနိုင်မယ့် နည်းလမ်းများ
အလုပ်နားရက်မှာ ဈေးဝယ်ဖြစ်တဲ့အခါ Shopping Mall တွေမှာပဲ ပါလာသမျှပိုက်ဆံ အကုန် သုံးဖြစ်တာသွားတာမျိုးတွေ မကြာခဏ ကြုံလာရရင် သင်ရှာသမျှ သင့်လက်ထဲ ကျန်မှာ မဟုတ်ပါဘူး။ ဒီလိုတွေ လုပ်လေ့ရှိတဲ့ သူတွေအတွက် စိတ်ကျန်းမာရေးဌာနက ထုတ်ပြပြောဆိုထားတဲ့ ဈေးဝယ်လွန်ခြင်း ဖြစ်ပေါ်မှုအပေါ် စိတ်ထိန်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
ဒီနည်းတွေကို လိုက်နာနိုင်ရင် လမကုန်ခင် သင့်ပိုက်ဆံကုန်ခြင်းကို ချွေတာနိုင်မှာ သေချာပါတယ်။
(၁) ဒေါက်ဖိနပ် စီးပါ
ဈေးဝယ်ထွက်တဲ့အခါ ဒေါက်ဖိနပ်ကို စီးသွားပါ။ ဒါမှသာ သင်လမ်းလျှောက်တာကို ပိုဂရုစိုက်ဖြစ်မှာဖြစ်ပြီး ဈေးဆိုင်တွေဘက်ကို စိတ်သိပ်မရောက်နိုင်တော့ပါဘူး။ လုပ်ဖို့အတွက် နည်းနည်းခက်ခဲပေမယ့် သုသေသနတွေအရ အမျိုးသမီး အများစုဟာ ဒီနည်းလမ်းအတိုင်း ဈေးဝယ်ထွက်တဲ့အခါ ဘာပစ္စည်းကိုမှ သိပ်မဝယ်ဖြစ်တော့ဘူးလို့ ထင်ရပါတယ်။
(၂) ပိုက်ဆံ အသစ်နဲ့ သွားပါ
လက်ကိုင်အိတ်ထဲမှာ ရှိပြီးသား ပိုက်ဆံနဲ့ ဈေးဝယ်ထွက်တဲ့ အကျင့်ကို ရှောင်ပါ။ သင့်ကတ်ထဲမှာ ပိုက်ဆံ ကျန်ပါသေးတယ် ဆိုတဲ့ အသိနဲ့ သင် ဝယ်ပြီးရင် ဝယ်နေတာမျိုး မဖြစ်စေဖို့ သင်ရဲ့ ဘဏ်ကတ်၊ အကြွေးဝယ်ကတ် စတာတွေကို အိမ်မှာပဲ ထားခဲ့ပါ။
လိုအပ်လည်းဝယ်၊ မလိုအပ်လည်းဝယ် မဖြစ်ရအောင် ပိုက်ဆံအသစ်တွေကို သာယူသွားပါ။ တသောင်းတန် အသစ်ကို ဖြတ်ပြီး သုံးဖို့ သင်နှမြောတဲ့ အတွက် မလိုအပ်တာတွေကို ဝယ်ဖြစ်မှာ မဟုတ်တော့ပါဘူး။
(၃) သွားမယ့်နေရာနဲ့ အချိန်ကို ချုံ့လိုက်ပါ
ကမ္ဘာကျော် Frobes မဂ္ဂဇင်းရဲ့ အကြံပြုချက်အရ သင်သွားမယ့် နေရာနဲ့ အချိန်ကို ချုံ့လိုက်ရင် မလိုအပ်ဘဲ ဝယ်တာတွေ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ သင့်မှာ အချိန်ပိုရရင် ဟိုဆိုင်ဝင်လိုက်၊ ဒီဆိုင်ဝင်လိုက်နဲ့ တွေ့သမျှ ပစ္စည်းတိုင်းကို လိုချင်နေတော့မှာပါ။ ဒါမျိုးမဖြစ်ရအောင် သင့်ရဲ့ အချိန်တွေကို ကန့်သတ်လိုက်ဖို့ အကြံပေးချင်ပါတယ်။
(၄) အရောင်းစာရေးကို မိတ်ဆွေ မဖွဲ့ပါနဲ့
အထည်ဆိုင်များရဲ့ အရောင်းစာရေးများနဲ့ မိတ်ဆွေမဖွဲ့တာ အကောင်းဆုံးပါပဲ။ သင်က သူတို့နဲ့ စကားလမ်းကြောင်း တည့်ပြီဆိုတာနဲ့ သူတို့ သင့်ကို လိုချင်ချင်၊ မလိုချင်ချင် ရောင်းချတော့မှာပါ။ ဒီလို ရောင်းချရမှာက သူတို့ရဲ့ တာဝန် ဖြစ်နေတော့ သူတို့ကို အပြစ်တင်လို့လည်း မရပါဘူး။ သင့်ပိုက်ဆံကို သင်ချွေတာရမှာ ဖြစ်လို့ သင်သာ ဆင်ခြင်ပြီးနေဖို့ တိုက်တွန်းချင်ပါတယ်။
(၅) သင့်စိတ်ကို ထိန်းချုပ်ကြည့်ပါ
အဝတ်တထည် မြင်တိုင်း မြင်တိုင်း သင်လိုချင်နေလို့ မရပါဘူး။ ဒါဟာ ငွေကုန်ပေါက်ဖြစ်လို့ သင့်ကိုယ်သင် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ တခါတလေမှာ တချို့အဝတ်တွေဟာ ဆိုင်မှာ ပြထားတာ လှလို့ သင့်စိတ်က လိုချင်စိတ် ဖြစ်ပေါ်လာတာဖြစ်ပြီး ဝယ်ပြီးရင် မဝတ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။
ဒီလို ပြဿနာမျိုးကို ရှောင်ရှားနိုင်ဖို့ သင့်စိတ်ကို သင် ထိန်းချုပ်ပြီး လှည့်ပြန်လာကြည့်ဖို့ လိုတယ်လို့ Wall Street ဂျာနယ်မှ သတင်းထောက်တဦးက အကြံပေးထားပါတယ်။
Ref; RD.com