အမျိုးသမီးတွေဟာ အလှအပအတွက်ဆိုရင် ဘာမဆို လုပ်လေ့ ရှိကြသူတွေပါ။ အသားအရေကို ထိန်းသိမ်းနည်းတွေ နိုင်ငံအလိုက် အမျိုးမျိုးရှိကြတာလည်း တွေ့မြင်ရပါတယ်။ မျက်နှာကို ရွှေသွင်းတာကစလို့ ချောကလက် လိမ်းတာတွေအထိ ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အသားအရေ ထိန်းသိမ်းကြပါတယ်။ ဒါကြောင့် စာဖတ်သူတွေကို ကမ္ဘာတဝှမ်းက ထူးထူးခြားခြား Spa တွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) Snail Facial (ထိုင်းနိုင်ငံ)
ခရုက ရတဲ့ အကျိအချွဲတွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုနေကြရင်း နောက်ပိုင်းမှာ မျက်နှာပေါ်ကို ခရုတင်ပြီး နှိပ်နယ်ခြင်းတွေကိုပါ ပြုလုပ်လာကြပါတယ်။ ခရုတင်ပြီး နှိပ်နယ်နေစဉ် ခရုက ထုတ်လိုက်တဲ့ အကျိအချွဲတွေနဲ့ မျက်နှာကို တိုက်ရိုက် ထိတွေ့စေလို့ ဒီ နှိပ်နယ်ခြင်းက နာမည်ကျော်လာခဲ့ပါတယ်။ ဒီနှိပ်နယ်ခြင်းကို ထိုင်းနိုင်ငံက Spa တွေမှာ ပြုလုပ်လို့ ရပြီး ရှေးယခင်ကတော့ ဂရိမှာ ဒီလို ပြုလုပ်ကြတယ်လို့ သိရပါတယ်။
(၂) Apitherapy (ရုရှားနှင့် အခြားနိုင်ငံများ)
Apitherapy ကို ပျားတုပ်ခံပြီး ဆေးကုတဲ့ နည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။ သင်ဟာ ငယ်ငယ်က ပျားကို ကြောက်သူဆိုရင်တော့ ဒီနည်းလမ်းဟာ သင့်အတွက် နည်းနည်း ထူးဆန်းနေပါလိမ့်မယ်။ ပျားတုပ်ခံပြီး ရလာတဲ့ ပျားဆိပ်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ ရေယုန် စတဲ့ ရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ပျားနဲ့ ဓာတ်မတည့်တဲ့ သူတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဆရာဝန်တွေဆီကလည်း တိကျတဲ့ ထောက်ခံချက်ကို ရခြင်းထားခြင်းတော့ မရှိပါဘူး။
(၃) Snake Massage (အစ္စရေး)
တွေးကြည့်တာနဲ့တင် ကြက်သီး ထချင်စရာပါပဲ။ အစ္စရေးမှာ နှိပ်နယ်ဖို့ မြွေကို အသုံးပြုလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်ပေါ်ကို မြွေတွေ တင်ထားပြီး မြွေရဲ့ ရွေ့လျားမှုနဲ့ အနှိပ်ခံကြတာပါ။ မြွေက သူသွားချင်ရာကို သွားတာဖြစ်လို့ ကိုယ် အနှိပ်ခံချင်တဲ့ နေရာကိုတော့ ပြန်ပြန်ရွှေ့ပေးရတယ်လို့ ဆိုပါတယ်။
(၄) ဘီယာ Spa (ဥရောပ နိုင်ငံများ)
ရေနွေးပူပူစိမ်ပြီး ရေချိုးရင် ခန္ဓာကိုယ်က ညောင်းညာနေတာတွေ သက်သာပြီး အမြဲလန်းဆန်းသွားတတ်တာ လူတိုင်းအသိပါပဲ။ ဂျာမနီ၊ သြစတေးလျ၊ ချက်သမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေက ဟိုတယ်အချို့မှာ လာရောက်တည်းခိုသူ တွေအတွက် ဘီယာကန်တွေပြုလုပ်ထားပေးပါတယ်။ တည်းခိုသူတွေဟာ ဘီယာသောက်ရင်း ဘီယာ ကန်မှာ စိမ်ပြီး အနားယူခြင်းဟာ သင့်ရဲ့ အရေးပြားကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။
(၅) ကောက်ရိုးအိပ်ရာ(အီတလီမြောက်ပိုင်း)
အီတလီနိုင်ငံ မြောက်ပိုင်းက ဟိုတယ်တွေမှာ ကောက်ရိုးအိပ်ရာနဲ့ အိပ်စက် အနားယူဖို့ ပြုလုပ်ထားပေးကြတယ်လို့ သိရပါတယ်။ ဒီအလေ့အကျင့်ဟာ ရှေးယခင် အီတလီနိုင်ငံသား ကောက်စိုက်သမားတွေဆီက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီလို အနားယူ အိပ်စက်ပြီးရင် အညောင်းအညာပြေပြီး အားအင်သစ်တွေ ဖြစ်ပေါ်လာတယ် လို့ သွားရောက် အနားယူသူတွေက ဆိုပါတယ်။
Ref ; mnn.com