အောင်မြင်သူတွေမှာ တူညီတဲ့ အချက်လေးတွေ ရှိကြပါတယ်။ “စောစောထတဲ့ ငှက်က အစာ ပိုရတယ်” ဆိုတဲ့ စကားအတိုင်းပါပဲ။ တနေ့တာရဲ့ အရေးအကြီးဆုံးဆိုတာတွေ အဆင်ပြေပြေနဲ့ သင်စီစဉ်ထားတဲ့ အစီအစဉ်အတိုင်းဖြစ်ဖို့ ဆိုရင် မနက်ခင်းကနေ စပြီး သင့်အစီအစဉ်ကို သင်လိုက်နာမှ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကမ္ဘာကျော် ပုဂ္ဂိုလ်တွေက သူတို့ရဲ့ မနက်ခင်းတွေကို ဘယ်လို ဖြတ်သန်းကြလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ဘားရတ် အိုဘားမား
အမေရိကန်သမ္မတဟောင်း တဦးဖြစ်တဲ့ ဘားရတ် အိုဘားမားကတော့ “မနက်စာ စားတဲ့ အချိန်တွေမှာ ကော်ဖီ မသောက်ဘူး” လို့ သိရပါတယ်။ ကော်ဖီသောက်ခြင်းဟာ အစာချေစနစ်နဲ့ ခန္ဓာကိုယ် လုပ်ငန်းတွေကို ထိခိုက်နိုင်လို့ ကော်ဖီအစား လက်ဖက်ရည်၊ လိမ္မော်ရည်နဲ့ ရေတို့ပဲ သောက်တယ်လို့ သိရပါတယ်။
အိုဘားမားပြောတဲ့ မနက်ခင်း လိုက်နာဖွယ်ရာ စကားကတော့ “မနက်တိုင်း အားကစားလုပ်ဖို့” နဲ့ “မနက်စာ အမြဲစားဖို့”ပဲ ဖြစ်ပါတယ်။
(၂) ဂျနီဖာ အန်နဆင်
မင်းသမီး ဂျန်နီဖာ အန်နဆင်ကတော့ မနက်တိုင်း စောစောထတယ်လို့ ဆိုပါတယ်။ “မနက် ၄ နာရီခွဲ အိပ်ရာထပြီး လေ့ကျင့်ခန်း လုပ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ရေနွေးပူပူထဲကို သံပုရာသီး ညှစ်သောက်လေ့ ရှိတယ်”လို့ ဆိုပါတယ်။ ဒီလို သောက်ပြီးရင်တော့ မိနစ် ၂၀ တရားထိုင်ပါတယ်။ ဒီလို စောစောထတော့ အလုပ်များတဲ့ သူမအတွက် ကိုယ်ပိုင်အချိန်ပိုရတယ်လို့ ပြောထားပါသေးတယ်။
(၃) မက်ခ်ဇူကာဘတ်
Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်က ရွေးချယ်ရခြင်းတွေကို ရှောင်ကြဉ်တယ်လို့ ဆိုပါတယ်။ လူတော်တော်များများက မလိုအပ်ဘဲ အချိန်တွေ ကုန်နေရတာဟာ ရွေးချယ်မှုတွေကြောင့် ဖြစ်တယ်လို့ သူကဆိုပါတယ်။ သူဟာ Color Blind တဦးဖြစ်ပြီး အချိန်ကုန်မခံချင်တာကြောင့် မနက်တိုင်း အဝတ်အစား ရွေးချယ်မှုကို ပယ်တဲ့ အနေနဲ့ ခဲရောင် အင်္ကျီကိုသာ အမြဲဝတ်တာ ဖြစ်ပါတယ်။
(၄) စတိဗ်ဂျော့
Apple ရဲ့ တည်ထောင်သူ စတိဗ်ဂျော့ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ စတန်းဖိုစ့် တက္ကသိုလ်က ဘွဲ့နှင်းသဘင် အခမ်းအနားတခုမှာ သူပြောခဲ့တဲ့ မိန့်ခွန်းအရ သူဟာ မနက်အိပ်ရာထလာတိုင်း မှန်ကို ကြည့်ပြီး “ငါဖြစ်ချင်တာ ဘာလဲ” လို့ သူကိုယ်သူ မေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ မနေ့က ကိုယ်လုပ်ခဲ့တာတွေက “ကိုယ့်စိတ်ကို ကျေနပ်စေလား” ဆိုတဲ့ မေးခွန်းကို မေးပြီး ကျေနပ်တယ်ဆိုတဲ့ အဖြေကို ရရင်ပဲဖြစ်ဖြစ်၊ မကျေနပ်ဘူးဆိုတဲ့ အဖြေကို ရရင်ပဲ ဖြစ်ဖြစ် ပိုကြိုးစားလေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။
(၅) အော်ပရာ ဝင်းဖရေး
ကမ္ဘာကျော် အစီအစဉ်တင်ဆက်သူ အော်ပရာ ဝင်းဖရေးကတော့ မနက်တိုင်း တရားထိုင်တယ်လို့ ဆိုပါတယ်။ ၇ ရက်ပတ်လုံး မနက်ခင်းတိုင်း မိနစ် ၂၀ တရားထိုင်ခြင်းကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျနိုင်ပြီး ကိုယ်ပိုင်အတွေးအခေါ် ထုတ်လုပ်နိုင်စွမ်းတွေ ပိုပြီးမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
သူမက ငြိမ်ငြိမ်ထိုင်ပြီး သူမရဲ့ တည်ငြိမ်မှုကို ပြန်မြင်နေရတာ အရမ်းကောင်းတဲ့ ခံစားချက်တခုဖြစ်လို့ မနက်တိုင်း အမြဲ တရားထိုင်တယ်လို့ ဆိုပါတယ်။ အလုပ်များတဲ့ နေ့တွေမှာတော့ အချိန်ရသလို တရက်ထဲမှာ ၁၀ မိနစ်ကြာတရားထိုင် ခြင်းကို နှစ်ကြိမ်ပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။
Ref ; lifehacks