တအိမ်လုံးကို ချောကလက်တွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဒီတထပ်အိမ်လေးဟာဆိုရင်တော့ ပြင်သစ်နိုင်ငံ Paris မြို့ရဲ့ အစွန်အဖျားမှာ တည်ရှိနေတာပဲဖြစ်ပါတယ်။
ဒီချောကလက်အိမ်လေးကိုတော့ ချောကလက် ၁.၅ တန်ခန့်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အိမ်ရဲ့အတွင်းဒီဇိုင်းတွေကိုပါ ချောကလက်တွေနဲ့ ဖန်တီးပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ Paris မြို့စွန်က သစ်တောထဲမှာတည်ရှိတဲ့ ဒီချောကလက်အိမ် ရဲ့အိမ်ခေါင်မိုး၊ နံရံတွေ၊ စာအုပ်စင်နဲ့ နံရံကပ်ဗီရိုတွေကိုပါ ချောကလက်တွေနဲ့ ဖန်တီးပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။
၁၉၄ စတုရန်းပေခန့် ကျယ်ဝန်းတဲ့ ဒီချောကလက်အိမ်ရဲ့ ဖန်တီးရှင်ကတော့ လက်မှုပညာရှင်တဦးဖြစ်တဲ့ Jean-Luc Decluzeau ဆိုသူဖြစ်ပြီး “Home Sweet Home” ဆိုတဲ့ ခံစားချက်ကို လူတိုင်းကို အမှန်တကယ်ခံစားစေချင်တာကြောင့် ဖန်တီးတည်ဆောက်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီချောကလက်အိမ်လေးကို လာရောက်လည်ပတ်သူတွေကို သူ့အနေနဲ့ သတိပေးလေ့ရှိတာတခုကတော့ တအိမ်လုံးကို စားလို့ရတဲ့ ချောကလက်တွေနဲ့ ဖန်တီးတည်ဆောက်ထားတာဖြစ်တာကြောင့် ချောကလက်တွေကို ဖဲ့ယူမြည်းစမ်း မကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။
ဒီချောကလက်အိမ်လေးကို လာရောက်လည်ပတ်နိုင်ဖို့အတွက် booking.com နဲ့ ချိတ်ဆက်ကာ ဧည့်သည်တွေကို လက်ခံနေပြီး အမြဲမပြတ်တော့ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေရပါတယ်လို့လည်း Jean-Luc Decluzeau ကဆိုပါတယ်။
လာရောက်လည်ပတ်သူတွေထဲကမှ ချောကလက်တွေနဲ့ ဖန်တီးပြုလုပ်ရတဲ့ လက်မှုပညာကို စိတ်ဝင်စားသူတွေကိုလည်း Decluzeau က ဒီချောကလက်အိမ်လေးမှာပဲ သင်တန်းဖွင့်လှစ်သင်ကြားပေးတာမျိုးတွေကိုလည်း ပြုလုပ်ပေးနေတာ လည်းဖြစ်ပါတယ်။
ချောကလက်အိမ်ကို လာရောက်လည်ပတ်ဖို့အတွက် တကြိမ်မှာ လူလေးယောက်ခန့်ကို လက်ခံလည်ပတ်ခွင့်ပေးလေ့ရှိပြီး တဦးကို ဒေါ်လာ ၅၉ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။
မနက်စာနဲ့ ညစာကို ချောကလက်အိမ်မှာ မှာယူစားသောက်နိုင်မှာဖြစ်ပြီး အိပ်ဖို့နဲ့ ရေချိုးဖို့အတွက်တော့ ရေချိုးခန်းနဲ့ အိပ်ခန်းမပါဝင်တာကြောင့် ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ လာရောက်လည်ပတ်သူတွေနဲ့ မပြတ်စည်ကားနေတဲ့ ဒီချောကလက်အိမ်လေးမှာတော့ အရက်သေစာသောက်စားခြင်းမျိုးကိုတော့ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။
Ref. www.simplemost.com