ကမ္ဘာတဝှမ်းက များပြားလှတဲ့ လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာယုံကြည်မှုတွေအရ ထူးဆန်းတဲ့ အယူသည်းမှုတွေ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူမျိုးစုတွေအလိုက် ထူးခြားဆန်းကြယ်တဲ့ အယူသည်းမှုတွေပဲ ဖြစ်ပါတယ်။
(၁) ညဘက်တွေမှာ ပီကေဝါးခြင်းဟာ ကံဆိုးစေတယ်လို့ တူရကီလူမျိုးတွေနဲ့ ဟန်ဂေရီလူမျိုးတွေက ယုံကြည်ကြပါတယ်။ တူရကီနဲ့ ဟန်ဂေရီလူမျိုးတွေဟာ ညဘက်ပီကေဝါးခြင်းဟာ လူသေရဲ့အရေပြားကို ဝါးစားခြင်းနဲ့တူတယ်လို့ ယုံကြည် လက်ခံထားကြတာပဲ ဖြစ်ပါတယ်။
(၂) ရှေးအီဂျစ်လူမျိုးတွေဟာ အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ထီးဆောင်းတယ်ဆိုတာဟာ နေပူဒဏ်နဲ့ မိုးရွာမှုကို ကာကွယ်ပေးနိုင်ဖို့ ဖွင့်ဆောင်းရတာဖြစ်တာကြောင့် အိမ်ထဲမှာ ထီးဖွင့်ခြင်းဟာ နေနတ်မင်းကို စိတ်ဆိုးစေပြီး ကံဆိုးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အီဂျစ်လူမျိုးတွေက ယုံကြည်လက်ခံ ထားကြပါတယ်။
(၃) ရုရှားလူမျိုးတွေဟာ ပန်းစည်းပေးကြတဲ့အခါ ပန်းအပွင့်ရေ မ ကိန်းဂဏန်းပေးခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ တယ်လို့ ယုံကြည်ထားကြပြီး အမျိုးသမီးတွေကို ပန်းစည်းပေးကြတဲ့အခါ အများအားဖြင့် မကိန်းဂဏန်း အရေအတွက် ကိုသာ ပေးလေ့ရှိကြပါတယ်။
(၄) ရုရှားလူမျိုးတွေ နောက်ထပ်ယုံကြည်ကြတဲ့ အယူတခုကတော့ မင်္ဂလာဆောင်တဲ့နေ့မှာ မိုးရွာတာဟာ သတို့သားနဲ့ သတို့သမီးအတွက် ပျော်ရွှင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ရုရှားနိုင်ငံမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာနဲ့ပက်သက်ပြီး ဒီလိုမျိုးယုံကြည်လက်ခံထားကြပေမယ့် တခြားသောနိုင်ငံတွေမှာတော့ မင်္ဂလာဆောင်တဲ့နေ့ မိုးရွာတာဟာ သတို့သမီးကို ကံဆိုးမှုတွေဖြစ်စေတယ်လို့ အယူရှိကြပါတယ်။
(၅) စပိန်လူမျိုးတွေဟာ သူတို့ရဲ့နှစ်သစ်ကူးပွဲတော်မှာ စပျစ်သီး ၁၂ လုံးစားခြင်းဟာ တနှစ်တာလုံး ကံကောင်းခြင်း တွေနဲ့သာ ကြုံတွေ့ရမှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
နှစ်သစ်ကူးပြောင်းတဲ့ ည ၁၂ နာရီခေါင်းလောင်းထိုးချိန်အတိအကျအတိုင်း စပျစ်သီး ၁၂ လုံးကို စားခြင်းဟာ ကံကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို နှစ်သစ်မှာ ရစေနိုင်တယ်လို့ အယူရှိကြပါတယ်။
Ref. www.wonderslist.com