ဆောင်းရာသီရဲ့အေးစက်စက် ရာသီဥတုနဲ့ တိုက်ခတ်တဲ့လေတွေဟာ အသားအရေရဲ့ အစိုဓာတ်ကို ခမ်းခြောက်စေပြီး အသားပပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားအရေတွေ ခြောက်သွေ့ယားယံပြီး အသားပပ်တဲ့အခါမျိုးမှာ အခုဖော်ပြပေးမယ့် နည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
(၁) ဆောင်းရာသီအတွက်တော့ သာမန်ရေချိုးဆပ်ပြာတွေဟာ အသားအရေရဲ့အစိုဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် အဆီဓာတ်ပါတဲ့ သဘာဝပစ္စည်းတွေကို အခြေခံပြုလုပ်ထားတဲ့ ဆပ်ပြာမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
(၂) အသားအရေတွေ ယားယံပြီး အသားပပ်နေတဲ့ အရေပြားနေရာကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီကို ညအိပ်ရာဝင်ကာ နီးတိုင်း လိမ်းပေးခြင်းအားဖြင့် အသားအရေတွေ ခြောက်သွေ့ယားယံခြင်းကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။
(၃) အသားပပ်ခြင်းကို သက်သာစေဖို့အတွက် နောက်ထပ်အရေးကြီးတဲ့ နည်းလမ်းတခုကတော့ အစိုဓာတ်ထိန်းခရင်မ် (moisturizer) တွေကို ပုံမှန်အသုံးပြုပေးဖို့ပဲ ဖြစ်ပါတယ်။
(၄) အသားပပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အရိုးရှင်းဆုံး နောက်ထပ်နည်းလမ်းတခုကတော့ ရေများများသောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါမျိုးမှာ အသားအရေဟာ ပိုမိုခြောက်သွေ့တတ်တာကြောင့် ရေများများသောက်ပေးဖို့ကိုလည်း မမေ့မလျော့ ပြုလုပ်ပေးသင့်ပါတယ်။
(၅) ရေကြာကြာချိုးခြင်းနဲ့ မကြာခဏရေချိုးခြင်းတို့ဟာ အသားအရေရဲ့ အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် ရေချိုးတဲ့အခါ အချိန်ကြာကြာ မချိုးသင့်ပါဘူး။ သင်ဟာ ရေမကြာခဏချိုးတတ်သူတဦးဆိုရင်တော့ ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
Ref. www.chargrinvalleysoapandsalve.com