Trend

နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတဲ့ ထူးဆန်းတဲ့ ကျွန်းများ

သာယာလှပတဲ့ ကျွန်းတွေ အများကြီး ရှိသလို ကမ္ဘာမှာ ရှိတဲ့ ကျွန်းအများစုဟာ ခရီးသည် ဝင်ရောက်ဖို့ ကြိုးပမ်း နေကြတာတွေချည်းပါပဲ။ ဒါပေမယ့် လူသူနေထိုင်ခြင်းမရှိဘဲ လူတွေက စွန့်ခွာသွားကြတဲ့ ကျွန်းတွေဟာလည်း အများကြီး ရှိနေတာကို အံ့သြဖွယ်တွေ့ရပါတယ်။

ဒါကြောင့် ဒီတခါမှာ လူနေထိုင်ခြင်း မရှိတော့တဲ့ ကျွန်းတွေနဲ့ ထူးဆန်းအံ့သြဖွယ် ကျွန်းတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Goqui ကျွန်း

တရုတ်နိုင်ငံမှာ ရှိတဲ့ Goqui ကျွန်းဟာ “သဘာဝတရားကြီးက အမြဲအနိုင်ရလေ့ရှိတယ်ဆိုတဲ့” စကားကို သက်သေပြ သွားတဲ့ ကျွန်းတခုပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး အမှားအယွင်းတွေလည်း အနည်းငယ်ရှိပြီး အပင်တွေက အိမ်တွေကို အုပ်သွားတာကြောင့် ဒီကျွန်းမှာ နေထိုင်သူတွေဟာ ကျွန်းကို စွန့်ခွာခဲ့ပါတယ်။

(၂) Bouvet ကျွန်း

ဒီကျွန်းကိုတော့ အဝေးလံဆုံး ကျွန်းအဖြစ် သတ်မှတ်ထားပြီး အတ္တလန်တိတ် သမုဒ္ဒရာရဲ့ တောင်ဖက် စွန်းစွန်းမှာ တည်ရှိပါတယ်။ ဒီကျွန်းကို မကြာခဏတွေ့ရှိလေ့ရှိပါတယ်။

မကြာခဏ တွေ့ရှိတယ်ဆိုတာ ဒီလိုပါ။ ဒီကျွန်းကို Jean-Baptiste Charles Bouvet de Lozier က ၁၇၃၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး ပထမဆုံးတွေ့ရှိတဲ့ သတင်းအချက်အလက်တွေဟာ တိကျမှုမရှိတာကြောင့် ၁၈၀၈ ခုနှစ်အထိ ဒီကျွန်းကို ဘယ်သူကမှ ရှာဖွေလို့ မရခဲ့ပါဘူး။ နောက် ၁၇ နှစ် ကြာတဲ့ အခါ ဗြိတိသျှတဦး ဖြစ်တဲ့ James Lindsay က တွေ့ရှိခဲ့ပြီး လီပါပူးကျွန်းလို့ နာမည်ပေးခဲ့ပါတယ်။

(၃) Clipperton ကျွန်း

Clipperton ကျွန်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိတဲ့ သန္တာကျောက်တန်းပါ ကျွန်းတခုဖြစ်ပါတယ်။ ဒီကျွန်းရဲ့ အနီးအနားမှာ ကျွန်းတခုမှ မရှိဘဲ အနီးဆုံးကျွန်းက မိုင် တထောင်ကျော်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ၁၉၁၀ ခုနှစ်လောက်မှာ မီးပြတိုက် တခုကို တည်ဆောက်ခဲ့ပြီး အမျိုးသား၊အမျိုးသမီးနဲ့ ကလေးများ အပါအဝင် လူ ၁၀၀ ကျော် နေထိုင်ခဲ့ပါတယ်။

စားသောက်ကုန်ပစ္စည်းတွေကို ၂ပတ် တခါ လာပို့လေ့ရှိပေမယ့် ၁၉၁၄ ခုနှစ်မှာ မက္ကဆီကိုပြည်တွင်း စစ်ပွဲ ဖြစ်ပွားတာ ကြောင့် ရိက္ခာပို့ခြင်းကို ရပ်ဆဲ ခံခဲ့ရပါတယ်။ ဒါကြောင့် ကျွန်းမှာ နေထိုင်သူတွေဟာ အပင်တွေ စိုက်ပျိုးစားသောက် ခဲ့ပေမယ့် ကျန်းမာရေးအထောက်အပံ့ လိုအပ်မှုကြောင့် သေဆုံးသူ များလာခဲ့ပါတယ်။

၁၉၁၇ ခုနှစ်မှာ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၃ဦးနဲ့ ကလေး ၈ ဦးသာ ရှိပြီး အမေရိကန်သဘောၤတစီးမှ သူတို့ကို ကယ်တင်ခဲ့ပါတယ်။ ဒါတွေ အားလုံးပြီးသွားချိန်မှာတော့ ဒီကျွန်းမှာ လူပြန်လည်နေထိုင်မှု မရှိသေးပါဘူး။

(၄) Fort Carroll

ငွေကြေးချမ်းသာသူတွေပဲ ကိုယ်ပိုင်ကျွန်းတွေကို ဝယ်နိုင်တာဆိုတဲ့ အစွဲကို ဖျောက်လိုက်ပါတော့။ သင်ကိုယ်တိုင် ကျွန်းတခုဝယ်နိုင်နေပါပြီ။ Fort Carroll ဆိုတဲ့ ကျွန်းပါ။

ဒီကျွန်းဟာ မယုံကြည်နိုင်လောက်အောင်ကို ဈေးသက်သာလွန်းပါတယ်။ အခုလောလောဆယ်မှာတော့ ဒီကျွန်းကို အမေရိကန် မိသားစု တခုက ပိုင်ဆိုင်ထားပြီး ဟိုတယ်၊ကာစီနိုရုံ နဲ့ ပျော်ပွဲစားရုံတွေ ဆောက်ဖို့ စိတ်ကူးနေပါတယ်။

ဒါပေမယ့် ဒီစိတ်ကူးက အကောင်အထည် ပေါ်မှာ မဟုတ်ပါဘူး။ ဒီကျွန်းဟာ ငှက်တွေ အများကြီး နေထိုင်တဲ့ ကျွန်းဖြစ်ပြီး ဒီကျွန်းမှာ အဆောက်အဦဆောက်ဖို့လာတဲ့ သူမှန်သမျှကို နှောင့်ယှက်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကျွန်းကို သင်ဝယ်မယ်ဆိုရင် မိတ်ဆွေတွေနဲ့တွေ့တဲ့ အခါ သင်ကျွန်းတခု ဝယ်ထားကြောင်း ကြွားလို့ ရပါသေးတယ်။

Ref;Brightside.com

Loading