အီကွေဒေါနိုင်ငံရဲ့ Cotacachi မြို့ကလေးဟာ လယ်သာလုပ်ငန်းကို အစဉ်တစိုက် လုပ်ကိုင်ခဲ့တဲ့ မြို့ကလေးတမြို့ ဖြစ်ပါတယ်။ အခုချိန်ထိလည်း လယ်သာလုပ်ငန်းလုပ်ကိုင်နေတဲ့ လက်မှုပညာရှင်ပါင်း ၅၀ ကျော်နဲ့ လယ်သာအရောင်းဆိုင် တွေလည်း ရှိနေပါသေးတယ်။
လယ်သာလုပ်ငန်းကို ဆွေစဉ်မျိုးဆက်လုပ်ကိုင်လာကြတဲ့အတွက် အညိုရောင် လယ်သာ တွေကို အခြောက်ခံဆေးစပ်နည်း တွေကို ရာစုနှစ်ပေါင်းများစွာထိအောင် ပိုင်ဆိုင်နေကြတုန်းပါပဲ။
Cotacachi မြို့ဟာ အီကွေဒေါနိုင်ငံရဲ့ တိတ်ဆိတ်တဲ့မြို့ ငယ်လေးတမြို့ပါပဲ။ အများသုံး တယ်လီဖုန်းဆိုင်တွေနဲ့ ဈေးဆိုင်တွေက ဒီမြို့ကိုဝန်းရံထားကြပေမယ့် အဓိကကတော့ လယ်သာလုပ်ငန်းလုပ်ကိုင်ကြတဲ့ လက်မှုပညာရှင်တွေပါပဲ။
လှပတဲ့ မြင်းကုန်းနှီးတွေ ၊ မြင်းဇက်ကြိုးတွေ ၊ လက်ကိုင်အိတ်တွေ ၊ သားရေအကျီၤတွေ ၊ ပိုက်ဆံအိတ်တွေနဲ့ သားရေဖိနပ် တွေက ဒီမြို့ရဲ့ ထွက်ကုန်တွေပါပဲ။ Cotacachi ရောက်လာရင်တော့ သားရေပစ္စည်းတွေကို နေရာအနှံ့တွေ့ မြင်နိုင်ပါတယ်။
ဒီမြို့ဟာ သားရေလုပ်ငန်းကိုလုပ်ကိုင်လာခဲ့တာ နှစ်ပေါင်းရာချီကြာမြင့်ခဲ့ပြီး အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်း လည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွဲ၊ တိရစ္ဆာန်တွေပေါများတဲ့အတွက်ကြောင့်ပါပဲ။ ဒါတွေက သားရေရဖို့ အဓိက ကုန်ကြမ်းတွေပါပဲ။
Luis Yumberla Cacuango အလုပ်ရုံဟာ သေးငယ်ပေမယ့် မအားလပ်နိုင်အောင်ပါပဲ။ အဲဒီနေရာရောက်သွားတာနဲ့ ဆားငန်နံ့သင်းပျံ့နေတဲ့ သားရေနံ့တွေက ပတ်ဝန်းကျင်ကို လွှမ်းထားပါတယ်။ အလုပ်ရုံအပြင်ဘက်မှာဆိုရင်တော့ သားရေတွေ ၊ ဝန်တင်ဖို့အတွက်ပဲဖြစ်ဖြစ် ၊ အမွှေးနဲ့ သားရေအတွက်ပဲဖြစ်ဖြစ် မွေးလေ့ရှိကြတဲ့တောင်အမေရိက ကုလားအုတ်သားရေတွေ ၊ ဆိတ်သားတွေကလည်း နေရာအနှံ့မှာ စနစ်တကျစုပုံထားပြီး အချို့ကိုတော့ ဆားငန်ရေထဲ နစ်ထားပါတယ်။
“ အခုဆိုရင်တော့ သားရေအများစုကို ဒီမြို့နားက Ambato မြို့ကလည်း ရနိုင်သလို ကိုလမ်ဘီယာကနေလည်း ရပါတယ်။ အဲဒါတွေက ဈေးလည်းသက်သာပါတယ်’’ လို့ Yamberla ကပြောပါတယ်။
Yamberla ကလည်း သူ့လုပ်ငန်းအတွက်ကုန်ကြမ်းတွေကို ဒေသခံလယ်သမားတွဆီက ဝယ်ယူလေ့ရှိပါတယ်။ ဓာတုပစ္စည်းတွေပါတဲ့ သားရေမျိုးကိုတော့ လက်မခံဘူးလို့လည်း ပြောပါတယ်။
“ ကျနော် အခုသိနေတာတွေအားလုံးက ကျနော့်အဖေ့ဆီက ရတာပါ။ သားရေကို အရောင်ပြန်တင်ဖို့အတွက်ကတော့ ကီဝီမျိုးနွယ်အုပ်စုထဲမှာပါတဲ့ huarango ပင်က အစေ့ကို ဆူပွက်နေအောင်ကြိုပါတယ်။ အဲဒီအသီးက အနက်ရောင်အရည် ရပါတယ်။ ဒီအရည်ဟာ သားရေအတွက်တော့ အကောင်းဆုံး သဘာဝအရောင်တင်ဆီပါပဲ’’ လို့ Yamberla က သူတို့ရဲ့ မိသားစုအလုပ်ရုံအကြောင်းကို ရှင်းပြပါတယ်။
အဆင့်တွေ အားလုံးကိုတော့ လက်နဲ့ပဲ လုပ်ပါတယ်။ ဒါပေမယ့် လူမျိုးရေးခွဲခြားတာတွေဖြစ်လာခဲ့ပြီးတဲ့ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာတော့ အပြောင်းအလဲတခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ မူလလက်ရင်းလုပ်ငန်းကို စွန့်ပစ်လာကြတာပါပဲ။ အီကွေဒေါမှာ နှစ်ပေါင်းလေးဆယ်လောက်နေပြီး သူတို့ရဲ့ ယဉ်ကျေးမှုကိုလေ့လာခဲ့သူ Brown ကခုလိုပြောပါတယ်။
“ ဒီနိုင်ငံမှာမွေးတဲ့ တိုင်းရင်းသားလူငယ်လေးတွေက ပညာတတ်တွေ ဖြစ်ချင်လာကြပါတယ်။ သူတို့က နိုင်ငံရေးကိုသာ စိတ်ဝင်စားလာကြပါတယ်။ အီကွေဒေါအစိုးရက ရိုးရာလက်မှုပညာတွေ မပျောက်အောင် ထိန်းသိမ်းပေးနိုင်ဖို့ လိုနေပါတယ်။ အီကွေဒေါ နိုင်ငံသာတွေကလည်း ရိုးရာလုပ်ငန်းတွေကို ထိန်းသိမ်းဖို့ မေ့နေကြပါတယ်”
“ သူတို့တွေးတာက ကမ္ဘာလှည့်ခရီးသွားတွေက လေအေးပေးထားတဲ့ဟိုတယ်ခန်းတွေ ၊ ခေတ်မီတဲ့ စားသောက်ဆိုင်တွေပဲ လိုအပ်တာမဟုတ်ပါဘူး။ သူတို့တကယ်လိုအပ်တာက ရိုးရာလက်မှုပညာနဲ့ လုပ်ထားတဲ့ ဒေသထွက်ပစ္စည်းတွေနဲ့ အီကွေဒေါဂစ်တာတွေပါပဲ” လို့ Brown ကရှင်းပြပါတယ်။
Yamberla ကတော့ “တနေ့ ကျနော့်ဆီမှာ အလုပ်သင် နိုင်ငံခြားသားတယောက်ရောက်လာကောင်းရဲ့”လို့ ရယ်ရင်း ပြောပါတယ်။