ဟိုတယ်တွေမှာ များသောအားဖြင့် သွားတိုက်တံ၊ မုတ်ဆိတ်မွှေးရိတ်စက်တွေလောက်ပဲ တောင်းလို့ရတယ်လို့ ထင်နေတာတွေ မေ့ထားလိုက်ပါတော့။ သင် ခါမှ မစဉ်းစားဖူးတဲ့ ထူးထူးဆန်းဆန်း အရာတွေကို တောင်းဆိုလို့ရတဲ့ ဟိုတယ်တွေ ရှိပါတယ်။ ဘယ်လို ဆန်းဆန်းပြားပြားပစ္စည်းတွေ တောင်းဆိုလို့ရလဲဆိုတာ ကြည့်လိုက်ရအောင်။
ဟိုတယ်တော်တော်များများက သူတို့ဆီမှာ လာရောက် တည်းခိုသူတွေကို အိမ်မှာ အနားယူနေသလို ခံစားမိအောင် အခန်းအပြင်အဆင်ကို ပြင်ဆင်လေ့ ရှိပါတယ်။
ပန်းအိုးလေးတွေ အလှဆင်ထားသလိုမျိုး၊ ချစ်စရာပုံစံ အမွေးပွ တဘက်လေးတွေ ထားပေးသလိုမျိုးဖြစ်အောင် ဖန်တီးကြပါတယ်။ ဒါပေမယ့် နယူးယော့မှာရှိတဲ့ The Roxy Hotel မှာတော့ ဟိုတယ်ခန်းထဲကို ရွှေငါးထည့်ထားတဲ့ ငါးကန်းအသေးစားလေး လိုချင်ရင် တောင်းဆိုလို့ ရပါတယ်။
သင်ဟာ တိရစ္ဆာန်ချစ်သူ တယောက်လား။ ဒီထဲကမှ အချစ်တော်ခွေးလေးကို သွားလေရာ ယူသွားတဲ့သူမျိုးဆို The Crowne Plaza HY36 မှာ တည်းမယ်ဆိုရင် ကော်လံလေးနဲ့ အလှဆင်ထားတဲ့ ခွေးဝတ်ဖို့ ကုတ်အင်္ကျီတွေ ငှားယူနိုင်ပါတယ်။ ခွေးအမျိုးအစားပေါင်းစုံအတွက် ဆိုဒ်မျိုးစုံရှိလို့ Pomeranians အမျိုးအစားကနေ Golden Retrievers အမျိုးအစားထိ စိတ်ကြိုက်ရွေးချယ်ရုံပါပဲ။
အခုခေတ်မှာ လက်နှိပ်စက်တွေ ဘာအတွက် လိုအပ်တော့မှာလဲလို့ ထင်မှာပါ။ ဒါပေမယ့်လည်း Hotel San Jose မှာတော့ ၁၉၃၀ ခုနှစ်ထုတ် Austin လက်နှိပ်စက်ကို တည်းခိုရင်း မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေဆီ အမှတ်တရ ပို့စ်ကဒ်လေးတွေ ပေးချင်တယ်ဆိုရင် အတိတ်ကို ပြန်ပြောင်းသတိရအောင် ထားရှိပေးပါတယ်။ ဒ့ါပြင် အရင်က ခေတ်စားခဲ့တဲ့ Polaroid ကင်မရာတွေကိုလည်း လိုအပ်ရင် ငှားရမ်းပေးပါတယ်။
ကလေးတွေနဲ့အတူတူ ခရီးထွက်လာသူတွေအတွက် တည်းခိုဖို့ အဆင်ပြေမယ့် ဟိုတယ်ကတော့ Loews Chicago Hotel ပါ။ ကလေးတွေအတွက် PlayStations နဲ့ Xboxes ဂိမ်းဆက်တွေ ငှားလို့ရတာမလို့ အဆင်ပြေစေပါတယ်။
မန်ချက်စတာမှာရှိတဲ့ Kimpton Taconic ဟိုတယ်ကတော့ trekking လုပ်သူတွေ၊ တောင်တက်သူတွေအတွက် ထိခိုက်ရှနာဖြစ်တဲ့အခါ အရေးပေါ်ကုသနိုင်မယ့် first-aid kit နဲ့ အရေးပေါ်အသုံးပြုနိုင်မယ့် survival kit တွေ အခန်းထဲမှာ ထားပေးထားပါတယ်။
ဟိုတယ်ခန်းထဲနားနေတဲ့အချိန် ခေတ်ဟောင်းသီချင်းတွေ နားထောင်ရတာကြိုက်တဲ့ သူအတွက် San Francisco ရှိ Stanford Court Hotel မှာ ခေတ်ဟောင်းဓာတ်ပြားစက် တောင်းဆိုလို့ ရပါတယ်။ ဒါ့ပြင် သူတို့ပေးထားတဲ့ ဓာတ်ပြားတွေကို မကြိုက်သေးရင် ဟိုတယ် lobby မှာ ခေတ်ဟောင်းဓာတ်ပြား စိတ်ကြိုက်ရွေးနိုင်အောင် ထားပေးထားပါသေးတယ်။
သီချင်းနားထောင်တာ မဟုတ်ဘဲ ကိုယ်တိုင်စိတ်ကြိုက် တူရိယာတွေ တီးခတ်ချင်သူဆိုရင် ဖလော်ရီဒါမှာရှိတဲ့ Art Ovation Hotel မှာ ဆယ်လို၊ ကီးဘုတ်၊ ဂစ်တာ၊ ဒရမ်တွေ အခန်းထဲထိ ငှားရမ်းနိုင်တာမလို့ စိတ်ကျေနပ်ကြမယ် ထင်ပါတယ်။
ငယ်ငယ်တည်းက ရေချိုးကန်ထဲမှာ ရာဘာ ဘဲရုပ်လေး ထည့်ပြီး ချိုးတတ်တဲ့သူ ဆိုရင်လည်း ကယ်လီဖိုးနီးယား မှာရှိတဲ့ Pechanga Resort Casino ဟိုတယ်မှာ တည်းရင် ဟိုတယ်ရေချိုးကန်ထဲ ထည့်ဖို့ ဘဲရုပ်လေးတွေ တောင်းလို့ ရပါတယ်။
သိုးမွှေးထိုးတာဟာ တရားထိုင်ခြင်းလို စိတ်ကိုတည်ငြိမ်အေးချမ်းစေတယ်လို့ နယူးယော့တိုင်းမ် ဆောင်းပါးတခုမှာ ရေးသားထားပါတယ်။ ဒါကြောင့် ဟိုတယ်မှာ တည်းရင်း သိုးမွှေးထိုးလေ့ကျင့်ချင်တယ်ဆိုရင် ပေါ့လန်းမှာရှိ တဲ့ Kimpton River Place ဟိုတယ်ရဲ့ lobby မှာ မီးလင်းဖိုဘေး သိုးမွှေးထိုးချင်သူတွေအတွက် သိုးမွှေးနဲ့ သိုးမွှေးထိုးတံတွေ ပေးထားပါတယ်။
Ref: Reader’s Digest